Saturday, December 1, 2018

ကိုရီးယားနိုင်ငံချေးငွေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူးတံတားစီမံကိန်းတွင် ထပ်တိုးချေးငွေ အမေရိကန် ဒေါ်လာသန်း၂၀ ထပ်မံဖြည့်စွက်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်မည်


ကိုရီးယားနိုင်ငံချေးငွေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်းတွင် ကိုရီးယားနိုင်ငံမှ ထပ်တိုးချေး ငွေအမေရိကန် ဒေါ်လာသန်း၂ဝထပ်မံ ဖြည့်စွက်ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ 
အဆိုပါ ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရန် ဒီဇင်ဘာ ၁ ရက်တွင် မြေသန့် မင်္ဂလာအခမ်းအနား ပြုလုပ်မည်ဖြစ်သည်။ ယခင်က ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်းအား ကိုရီးယားနိုင်ငံချေးငွေ ဒေါ်လာ ၁၃၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်းဖြင့်တည်ဆောက်ရန် လျာထားပြီး၊ တံတားပုံစံပြောင်းလဲမှုကြောင့် အမေရိကန် ဒေါ်လာသန်း၂၀ ထပ်မံကုန်ကျ မည်ဖြစ်သဖြင့် အဆိုပါအမေရိကန်ဒေါ်လာ သန်း၂ဝအား ထပ်တိုးချေးငွေအနေဖြင့် ကိုရီးယားနိုင်ငံမှပေးအပ်ရန် နှစ်နိုင်ငံညှိနှိုင်းမှု ပြုလုပ်နေကြောင်း သိရသည်။ 

ကိုရီးယား-မြန်မာချစ်ကြည်ရေးအနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလ မြစ်ကူး တံတားစီမံကိန်းအား ဒီဇင်ဘာ ၂၃ ရက်တွင် ပန္နက်ရိုက်အခမ်းအနားကျင်းပပြီး ၂၀၁၉ ဇန်နဝါရီလတွင် တည်ဆောက်ရေး လုပ်ငန်းများ စတင်မည်ဖြစ်ကြောင်း နိုဝင်ဘာ၂၄ ရက်က ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒလမြို့နယ်တွင်ပြုလုပ်ခဲ့သည့် ဒလတံတားတည်ဆောက်ရေးနှင့် ပတ်သက်သည့် ရှင်းလင်းပွဲမှ သတင်းရရှိသည်။ 

“ရန်ကုန်-ဒလမြစ်ကူးတံတားပုံစံက လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတား ပုံစံတည်ဆောက်သွားမှာဖြစ်ပြီး အသွားနှစ်လမ်း အပြန်နှစ်လမ်းစီပါဝင်မှာ ဖြစ်ပါတယ်။ တံတားမှာကပ်လျက် ၀ ဒသမ ၅ မီတာ ရေ ပိုက်နှစ်လုံးတစ်ဖက်တစ်ချက်မှာ တပ်ဆင်သွားမှာဖြစ်ပါတယ်။ ရန်ကုန်ဘက်အခြမ်းက ဘုန်းကြီးလမ်းတည့်တည့် အသွားတစ်လမ်း၊ အပြန်တစ်လမ်းနဲ့ ကြည့်မြင့်တိုင်ဘက်ခြမ်း ကနေတက်မယ့် တစ်လမ်းပါဝင်မှာ ဖြစ်ပါတယ်။ စတင်တည်ဆောက်ချိန်ကနေ ၃၉ လ အတွင်းအများဆုံး ၄၂ လ သုံးနှစ်ခွဲအတွင်း အပြီးတည်ဆောက်သွားမှာဖြစ်လို့ ၂၀၂၂ နှစ်လယ်ပိုင်းလောက်မှာ တံတားတည်ဆောက်မှုပြီးစီးမှာ ဖြစ်ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ပြောကြားသည်။ 

ကိုရီးယား-မြန်မာချစ်ကြည်ရေး အနေဖြင့် တည်ဆောက်မည့် ရန်ကုန်-ဒလမြစ်ကူး တံတားတည်ဆောက်ရေး စီမံကိန်း၏ ပင်မတံတားပုံစံအား ရေလမ်းကင်းလွတ်အမြင့် ပေ ၄၉ မီတာနှင့် အကျယ် ၃၇၀ မီတာထားရှိရန် အပြီးသတ် သဘောတူညီမှုရရှိခဲ့ပြီး ပင်မတံတားပုံစံအား ကိုရီးယားအကြံပေးကုမ္ပဏီမှ ရေးဆွဲနေခြင်းဖြစ်သည်။ 

ရန်ကုန်-ဒလမြစ်ကူးတံတား တည်ဆောက်ရေးစီမံကိန်းအား ကိုရီးယားနိုင်ငံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၇ ဒသမ ၈၃၃ သန်း၊ မြန်မာနိုင်ငံဘက်မှ ထည့်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၃၄၁ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၈၈ ဒသမ ၁၇၄ သန်းဖြင့် တည်ဆောက်မည် ဖြစ်သည်။ 

တံတားတည်ဆောက်ရန် လွန်ခဲ့သည့် ခြောက်နှစ်ကတည်းက သတင်းများထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်အထိ တည်ဆောက်ခြင်းမရှိသေးခြင်း၊ တံတားတည်ဆောက်ရန် ဆိပ်ကမ်းလုပ်ငန်းရှင် အချို့နှင့်ပို့ဆောင်ရေး ဝန်ကြီးဌာနတို့မှ ကန့်ကွက်မှုများပြုလုပ်ခဲ့သည်ဟု ခံစားနေရသောကြောင့် ဒလမြို့နယ်နေ ပြည်သူများမှ ဆန္ဒထုတ်ဖော်ပွဲတစ်ခုအား ဇွန်လအတွင်းက ပြုလုပ်ခဲ့သည်။ 



Eleven Media Group         

0 comments:

Post a Comment