Wednesday, December 26, 2018

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တတိယအကျော့အဖြစ် သုံးသပ်မည်

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏လူ့အခွင့်အရေး အခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက တတိယအကျော့အဖြစ် သုံးသပ်မည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ ပြည်ထဲ ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်သည့် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့် အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့်ကော်မတီ၏ ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။ 
အဆိုပါအစည်းအဝေးသို့ ကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ဦးကျော်တင်နှင့် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဗိုလ်ချုပ်အောင်သူ၊ ဗိုလ်ချုပ်မြင့်နွယ်၊ ဗိုလ်ချုပ်သန်းထွဋ်၊ ဦးခင်မောင်တင်၊ ဦးအောင်လှထွန်း၊ ဒေါက်တာဒေါ်မြလေးစိန်နှင့် ဦးဆက်အောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြောင်း နိုင်ငံတော်သမ္မတရုံး၏ထုတ်ပြန် ချက်အရသိရသည်။ 

၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏လူ့ အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တတိယအကျော့အဖြစ် သုံးသပ်မည်ဖြစ်ရာ ဒုတိယအကျော့၏ အကြံပြုတိုက်တွန်းချက်များအား အကောင်အထည်ဖော်မှုဆိုင်ရာ National Report ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး National Report မူကြမ်းအား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလကုန် တွင် အမျိုးသားအဆင့်ကော်မတီသို့ တင်ပြ နိုင်ရေး လျာထားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျရှိစေရန်နှင့် သတ်မှတ်ကာလ အတွင်း ပြီးပြည့်စုံသည့် National Report ရရှိစေရန်အတွက် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း၊ UPR လုပ်ငန်းစဉ်သည် မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်မှုများကို ကမ္ဘာကသိစေရန် စနစ်တကျ ဖော်ထုတ်ပြသခွင့်ရမည့် အခွင့်အရေးဖြစ်သည့်အတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၊ ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများကို ပီပီပြင်ပြင်နှင့် ကျစ်လျစ်စွာဖော်ပြနိုင်ရန် အလေးထားဆောင်ရွက်ပေးစေလိုပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေး အခြေအနေများ တိုးတက်မှုရှိစေရေးအတွက် ဘက်ပေါင်းစုံမှ အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိသည်ကို ဖော်ပြနိုင်ရေးအတွက် National Report တွင် ပါဝင်သင့်ပါဝင် ထိုက်သည့်ကိစ္စရပ်များ ပါဝင်စေရေးနှင့်ကျန်ရှိမှု မရှိစေရေးကို အထူးဂရုပြုဆောင်ရွက် ပေးကြရန် တိုက်တွန်းလိုကြောင်း ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားသည်။ 

Universal Periodic Review (UPR) ဆိုသည်မှာ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်ဖြစ်ပြီး ကုလသမဂ္ဂအထွေထွေ ညီလာခံ၏ ဆုံးဖြတ်ချက်အမှတ် (၆၅/၂၅၁) အရ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် UPR ပထမအကျော့ (First Cycle) ကို ၂၀၁၁ ခုနှစ်တွင် လည်းကောင်း၊ ဒုတိယအကျော့ (Second Cycle) ကို ၂၀၁၅ ခုနှစ်တွင်လည်းကောင်း အစီရင်ခံစာများကို သက်ဆိုင်ရာ အကျော့အလိုက် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးသို့ ပေးပို့တင်ပြခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် သုံးသပ်မှုခံယူခဲ့သည်တွေ့ရ ကြောင်းနှင့် ဒုတိယအကျော့ (Second Cycle) သုံးသပ်မှုခံယူခဲ့စဉ်က အဖွဲ့ဝင်နိုင်ငံပေါင်း (၉၃) နိုင်ငံ၏ အကြံပြုတိုက်တွန်းချက်ပေါင်း (၂၈၁) ချက်တွင် (၁၆၆)ချက်ကို လက်ခံခဲ့ကြောင်း ဒုတိယသမ္မတကပြော ကြားသည်။ 

အဆိုပါ လက်ခံခဲ့သည့် အကြံပြုချက် များနှင့် ပတ်သက်၍ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက နေပြည်တော်၌ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် က ဦးဆောင်၍ အလုပ်ရုံဆွေးနွေးပွဲကျင်းပခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လအတွင်းက လည်း နေပြည်တော်၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကိုလည်း ထပ်မံကျင်းပခဲ့ကြောင်း၊ ယင်း အလုပ်ရုံဆွေးနွေးပွဲများမှ ရရှိခဲ့သည့် ရလဒ်များအပေါ် အခြေခံ၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ နိုင်ငံတော် သမ္မတရုံးသို့ အကြံပြုတင်ပြခဲ့ရာ နိုင်ငံတော်သမ္မတရုံးက ၂၀၁၈ ခုနှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် “Universal Periodic Review (UPR) အကြံပြုတိုက်တွန်းချက်များ အကောင် အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီ” ကို လုပ်ငန်းတာဝန် ငါးရပ်ချမှတ်ကာ အဖွဲ့ဝင် ၂၅ ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ် ခဲ့ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။ 

Eleven Media Group


0 comments:

Post a Comment