Wednesday, December 26, 2018

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တွင် ပုဂံခေတ်ကျောက်စာတစ်ချပ်တွေ့ရှိ


စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကဘွက်ကျေးရွာအုပ်စု သမင်ကျကျေးရွာမှ အရှေ့ဖက်နှစ်မိုင်ခန့်အကွာ ကျောက်စာတိုင်ကွင်းတွင် စစ်ကိုင်းတိုင်း ရှေးဟောင်းသုတေသနဌာနမှ ဦးရာဇာ အောင်နှင့် သမိုင်းဝါသနာပါသူများက ပုဂံခေတ်ကျောက်စာတစ်ချပ်ကို ဒီဇင်ဘာ ၂၆ ရက်က ဖော်ထုတ်နိုင်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ကျောက်စာမှာ အမြင့် သုံးပေ၊ အနံ ၁၃ လက်မ၊ ထု ၉ လက်မရှိပြီး စာသုံးကြောင်းပါကာ သက္ကရာဇ် ၄၉၀ (ခရစ်နှစ် ၁၁၂၈ခု) တစ်ကြောင်းတည်းကိုသာ ဖတ်နိုင်သေးကြောင်း ကျန်စာများကိုအဓိပ္ပာယ် ကြိုးစားနေဆဲဖြစ်ကြောင်း ကျောက်စာကူးယူရာတွင် ပါဝင်ခဲ့သည့် ဦးဇေယျာအောင်မြေက ပြောကြားသည်။

“ပုဂံခေတ်နှောင်းပိုင်း ကျောက်စာပေါ့။ အခုကျောက်စာက နှစ်ပေါင်းတစ်ထောင် ကျော်လောက်ကြာလာတော့ စာတွေပြုန်းကုန်ပြီ။ ပညာရှင်တွေ လေးငါးဦးကို ပို့ပြီး ဖတ်ခိုင်းထားတယ်။ သက္ကရာဇ် ၄၉၀ ကို ဖတ်လို့ ရတယ်။ ကျောက်စာတွေကို အလင်းအမှောင်ဖတ်တဲ့ နည်းပညာနဲ့ ဖတ်တဲ့သူဆီ လည်းပို့ထားပြီ။ အဖြေမရသေးဘူး။ ကျွန်တော်တို့အဖွဲ့ထဲက ကျွမ်းကျင်သူတစ်ယောက် သုံးသပ်တာက ဧရာဝတီမြစ်နဲ့ နီးတယ်။လက်ရေးဒီဇိုင်းက ပုဂံခေတ်နှောင်းဗမာစာ။ စာသုံးကြောင်းပါတယ်။ကျောက်တိုင်အနေ အထားအရ နယ်ခြားမှတ်တိုင် ဖြစ်ဖို့များ တယ်လို့ သုံးသပ်ကြတယ်။ ခရီးလမ်းကလည်း အရမ်းခေါင်တဲ့နေရာပဲဗျ” ဟု ဦးဇေယျာအောင်မြေက ပြောကြားသည်။

ယခုကျောက်စာတွေ့ရှိခဲ့သည့် အဖွဲ့ သည် ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ရွာသာကုန်း ကျေးရွာ၊ ဘုရားသုံးဆူကုန်းအနီးတွင်လည်း လွန်ခဲ့သည့် နှစ်ငါးရာကျော်က ဗမာစာ၊ ပါဠိစာဖြင့် ရေးထိုးထားသည့် ဘီလူးခေါင်း၊ မနုဿီဟနှင့် ခြင်္သေ့ကိုယ်ပုံပါသည့် ကျောက်ချပ်တစ်ချပ်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။


Eleven Media Group

0 comments:

Post a Comment