Wednesday, December 26, 2018

"သွေးနှောခြင်းကို ငါတို့မုန်း၊ လူမျိုး အညွန့်တုံး" အပါအ၀င် ခွဲခြားသော အမုန်းစကား အယူအဆများ မူလတန်းသင်ရိုးတွင် ထည့်သွင်းသင်ကြားနေမှု သမ္မတထံ အဖွဲ့ပေါင်း ၁၅၇ ဖွဲ့ကန့်ကွက်စာပို့


အခြေခံပညာမူလတန်း သင်ရိုးညွှန်းတမ်းရှိ စာရိတ္တနှင့် ပြည်သူ့နီတိ သင်ခန်းစာတွင် လူမျိုးရေး ၊ ဘာသာရေး ခွဲခြားဆက်ဆံမှုကို အားပေးသည့် သင်ခန်းစာများ ပါဝင်နေသည့်အတွက် အရပ်ဘက်အဖွဲ့အစည်းမျာ ၁၅၇ ဖွဲ့ နှင့် တစ်သီးပုဂ္ဂလ ပုဂ္ဂိုလ် ၁၀ ဦးတို့က ကန့်ကွက်ကြောင်း ဒီဇင်ဘာ ၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ကြောင်း သိရှိရသည်။ 
အခြေခံပညာ သင်ရိုးညွန်းတမ်း ၊ မူလတန်းအဆင့် ဘဝတွက်တာ ၊ ကျွမ်းကျင်စရာ / စာရိတ္တနှင့် ပြည်သူ့နီတိ သင်ခန်းစာ သင်ရိုးညွှန်းတမ်းများတွင် ဝံသာနုစိတ်ဓာတ်မြှင့်တင့်ရေး ခေါင်းစဉ်ဖြင့် “ သွေးနှောခြင်းကို ငါတို့မုန်း ၊ လူမျိုး အညွန့်တုံး “ ဟူ၍ သွေးနှောခြင်းသည် မုန်းတီးစရာ အဖြစ် သင်ကြားနေသည်ကို မြန်မာနိုင်ငံတော် ဒေသအတော်များများရှိ အစိုးရ အခြေခံပညာကျောင်းများအပါအဝင် ပုဂ္ဂလိကကျောင်းများတွင်ပါ သင်ကြားနေကြောင်း၊ အဆိုပါ သင်ကြားမှုသည် အခြေခံဥပဒေ အခန်း ၁ ၊ ပုဒ်မ ၃ ပါ နိုင်ငံတော်သည် တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်သည်ဆိုသော ပြဋ္ဌာန်းချက်၊ ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ၊ မိမိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများ၊ အခန်း ၈ ပုဒ်မ ၃၄၈ အရ နိုင်ငံသားတို့အပေါ် လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာ ဘာသာ ရာထူး၊ အဆင့်အတန်း၊ ယဉ်ကျေးမှုကို အကြောင်းပြု၍ ခွဲခြားမှု မရှိစေရဆိုသော ပြဋ္ဌာန်းချက်များကို ဆန့်ကျင်နေကြောင်း ဖော်ပြထားသည်။ 

ညီမျှခြင်းမြန်မာ ( Equality Myanmar ) ဦးအောင်မျိုးမင်းက “ ကျနော်တို့ တိုင်းပြည်မှာ အခု လက်ရှိအခြေအနေမှာတောင် လူမျိုးရေး ၊ ဘာသာရေး ကွဲပြားမှုပေါ် သည်းမခံမှုတွေ ၊ အကြမ်းဖက်မှု ဦးတည်စေ့သော ဟောပြောနှိုးဆော်မှုတွေ အများကြီး များနေတယ်။ ဒါဟာ တိုင်းပြည်အတွက် ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းကို နောက်ပြန်ရောက်စေပါတယ်။ အခုလို့ဟာတွေကို တားဆီးဖို့အတွက် မှန်ကန်တဲ့ ကြေညာပေမဲ့အစား မူလတန်းပညာရေးမှာ ခုနကပြောသလို ဒီသွေးနှောတွေကို လူမျိုးတုံးမယ်အရာမျိုး ၊ နောက်တစ်ခါ ကွဲပြားမှုကို လက်မခံတဲ့ သွန်သင်ဆုံးမမှုက လက်ရှိ ရှိနေသော အခြေအနေထက် ပိုမိုဆိုးရွားအောင် နောက်မျိုးဆက်သစ်တွေကို ကျနော်တို့က ပုံစံ ရိုက်သွင်းနေသလို ဖြစ်နေတယ်။ ဒါကိုတွေ အမြန်ဆုံးတားဆီးဖို့ လိုအပ်တဲ့ အချက်ကြောင့်မို့ သမ္မတကြီးအနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့အတွက် ဒါကို အသိပေးတိုက်တွန်းလိုက်တာ ဖြစ်တယ်" ဟု ပြောဆိုသည်။ 

မြန်မာနိုင်ငံ ပညာရေးစနစ်အား ပြန်လည်သုံးသပ်၍ မတူကွဲပြားသည့်ကို စော်ကားနှိမ့်ချခြင်းမရှိသော ၊ မတူကွဲပြားသည့် ဘာသာတရားကိုးကွယ်ယုံကြည်တန်ဖိုးထားသည့် ငြိမ်းချမ်းရေးကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများ ဖြစ်စေရန် ယခုကဲ့သို့ တင်ပြတောင်းဆိုခြင်းဖြစ်ကြောင်း ဦးအောင်မျိုးမင်းက ဆိုသည်။ 

“ လက်ရှိ ပညာရေးစနစ်ကို ကျနော်တို့ ပြုပြင်ပြောင်းလဲဖို့က ၊ ပထမတစ်ခုက သင်ရိုးညွှန်းတမ်းတွေထဲမှာ အစွဲတွေ ၊ မုန်းတီးမှုတွေ ၊ ခွဲခြားမှုတွေ ဖြစ်တော့ သင်ကြားမှုမဖြစ်ဖို့ ၊ သင်ရိုးညွှန်းတမ်း ပြုပြင်ဖို့ အပိုဒ်တစ်ခု လိုအပ်ပါတယ်။ နောက်တစ်ခုက သင်ကြားသူတွေရဲ့ သင်ကြားမှု ပုံစံ ၊ အရမ်းအရေးကြီးတယ်။ သင်ရိုးညွှန်းတမ်း ဘယ်လောက်ပဲကောင်းကောင်း ၊ သင်ကြားသူတွေက ပို့ချမယ်သူတွေအပေါ်မှာ မှားယွင်းတဲ့ အယူအဆကို ထည့်ပေးချင်တဲ့ စိတ် ၊ နောက်တစ်ခု က အယူအဆအစွဲတွေ ရှိရင် သူရဲ့ သင်ရိုးညွှန်းတမ်း ကောင်းပေမယ့် သင်ကြားမှုမှာ အဆိပ်အတောက်တွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင်မို့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ ဆိုတာက သင်ရိုးညွှန်းတမ်းအပြင် သင်ကြားမယ့်သူတွေကို စနစ်တကျလေ့ကျင့်ပြီး မှန်ကန်တဲ့ သင်ကြားမှုတွေ ဖြစ်အောင် လုပ်ဆောင်ပေးဖို့ လိုအပ်တာရယ် ၊ နောက်တစ်ခါ နှုတ်တိုက်အလွတ်ကျက်ပြီး ပြောသမျှကို လိုက်မှတ်ရေးတာမျိုး မဟုတ်ဘဲနဲ့ ပြန်လည်မေးခွန်း မေးနိုင်တာ ၊ ပြန်လည်စဉ်းစားဆင်ြခင်မှု ၊ နောက် ဘက်ပေါင်းစုံက စဉ်းစားနိုင်ဖို့ အားပေးသော ပညာရေးစနစ် ဖြစ်ဖို့အတွက် တိုက်တွန်းခြင်း ဖြစ်ပါတယ် “ ဟု ပြောဆိုသည်။ 

ဟိန္ဒူအမျိုးသမီးကွန်ရက်မှ ဒေါ်ကက်သလင်းသိန်းကလည်း အခြေခံပညာမူလတန်းအဆင့်တွင်ပင် ခွဲခြားသော အမုန်းစကားများ သင်ကြားခြင်းသည် မသင့်တော်ဟု ဆိုသည်။ 

“ ပညာရေးဝန်ကြီးဌာနက တကယ်ပဲသိသလား ၊ တကယ် မသိဘဲနဲ့ သင်ရိုးညွှန်းတမ်းအနေနဲ့ တချို့တွေက ဖန်တီး သင်နေသလား ဆိုတာ သေသေချာချာ မသိရဘူးပေါ့ ။ ဒါပေမဲ့ စာတွေမှာ သင်ထားတာတော့ facebook ကနေ တက်လာတယ်။ အမှား ၊ အမှန်တွေ ဘာညာ ၊ ဒါက ပညာရေးစနစ်က အရမ်းအရေးကြီးတယ်။ ကလေးငယ်တွေရဲ့ ပညာရေးစနစ်ပေါ့။ အဲ့ကနေ ပြည်သူ့နီတိ သင်ပေးတဲ့အခါ အားလုံးအတူတကွ ကလေးငယ်တွေ ပျော်ပျော်ရွှင်ရွှင် စာသင်ကြားနိုင်ဖို့ ၊ ပြည်သူ့နီတိမှာ ရိုက်ထည့်ပေးရမှာလေ ။ စည်းရုံးညီညွတ်ရေး အတွက် အဲ့လိုအချိန်မျိုးမှာ သွေးခွဲတဲ့ စကားတွေ ၊ သွေးခွဲတဲ့စာတွေ မသင်သင့်ဘူး မြင်ပါတယ်။ ပညာရေးကောင်းမှပဲ အသက်ကြီးလာတဲ့အခါ အတွေးအခေါ် ကောင်းကောင်းတွေ ရမှာလေ ။ စဉ်းစားဆင်ခြင်မှု ကောင်းကောင်းရမှာလေ ။ ဒီပညာရေးကနေ ကလေးတွေကို စဉ်းစားဆင်ခြင်တတ်အောင် တွေးခေါ်ရမယ့်အချိန်မှာ ဒီလိုမျိုးအတွေးအခေါ်တွေနဲ့ ရိုက်ထည့်လိုက်တဲ့ ဆိုတာမျိုးတွေ ဆိုရင် ဘယ်လိုမှ အနာဂတ်အတွက် အလားအလာမကောင်းဘူးပေါ့" ဟု ဒေါ်ကက်သလင်းသိန်းက ဆိုသည်။ 

လက်ရှိ မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ပြန်လည်သုံးသပ်၍ မတူကွဲပြားသည့် လူသားတို့၏ ဖြစ်တည်မှု ကို စော်ကား နှိမ့်ချခြင်းမရှိသော မတူကွဲပြားသည့် ဘာသာတရားကိုးကွယ်ယုံကြည်မှုများကို လေးစားတန်ဖိုးထားသည့် ငြိမ်းချမ်းရေး ကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများ ဖြစ်စေရန် ကြပ်မတ်ပေးရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံသို့ အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။




Khit Thit Media 

0 comments:

Post a Comment