Wednesday, December 26, 2018

ငွေတုတွေ့ရှိမှုဖြင့် ဖမ်းဆီးခံ နော်သောသွဲ့ထူးအမှု လူ့အခွင့်အရေးကော်မရှင် ကွင်းဆင်းစစ်ဆေး


စင်ကာပူတွင် အိမ်အကူ အလုပ်လုပ်ကိုင်ရာမှ ရရှိလာသည့် ကျပ်တစ်သောင်းတန် ငွေအတုများကြောင့် ဖမ်းဆီးအရေးယူ ခံထားရသည့် နော်သောသွဲ့ထူး၏ အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်က ဒိုက်ဦးမြို့သို့ ဒီဇင်ဘာ ၂၆ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့သည်။ 
နော်သော့သွဲ့ထူးသည် ကျပ်တစ်သောင်းတန်အတုများသုံးစွဲမှုကြောင့် ဒိုက်ဦးမြို့နယ်တရားရုံးတွင် မြန်မာနိုင်ငံ ဗဟိုဘဏ်ဥပဒေဖြင့် တရားစွဲဆိုခံထားရပြီး ယင်းအမှုကြောင့် နော်သော့သွဲ့ထူးအား လူ့အခွင့်အရေး ထိခိုက်မှု ရှိ၊ မရှိကို စိစစ်ခြင်းဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္ဈိမသို့ ပြောသည်။ 

“ကလေးမလေးဟာ အမျိုးမျိုးနစ်နာတယ်။ ထိခိုက်မှုတွေအများကြီးရှိတယ်။ အိမ်အကူလုပ်လို့ရတဲ့ပိုက်ဆံတွေဟာလည်း အတုဖြစ်နေတယ်။ တရားစွဲဆိုတာ ခံထားရတယ်။ အချုပ်ထဲမှာ ထည့်ထားတာ ခံရတယ်။ ဂုဏ်သိက္ခာလည်း ကျတယ်” ဟု နော်သောသွဲ့ထူးဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးယုလွင်အောင်က ဆိုသည်။ 

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်အနေဖြင့် ဒိုက်ဦးမြို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင်များအား မေးမြန်းခဲ့သလို ကာယကံရှင် နော်သောသွဲ့ထူး နှင့် သူ့၏ မိခင်ဖြစ်သူကိုလည်း မေးမြန်းခဲ့သည်ဟု ဦးယုလွင်အောင်က ဆိုသည်။ 

ကွင်းဆင်းစစ်ဆေးမှုအရ ရရှိလာသည့် အချက်အလက်များကို စိစစ်တည်းဖြတ်ပြီး သုံးသပ်ချက်၊ အကြံပြုချက်များကို နိုင်ငံတော်အကြီးအကဲများထံ တင်ပြသွားမည်ဟုလည်း ထိုကိစ္စနှင့် ပတ်သက်၍ လူ့အခွင့်အရေးကော်မရှင်၏ အစီစဉ်အား ၎င်း ပြောကြားချက်အရ သိရသည်။ 

နော်သောသွဲ့ထူးသည် စင်ကာပူနိုင်ငံ၌ အိမ်အကူအလုပ်လုပ်ကိုင်ရာမှ လုပ်အားခအဖြစ် အလုပ်ရှင်က ပေးသည့် ကျပ်တစ်သောင်းတန်အတုများကို ဈေးဝယ်ရာမှတစ်ဆင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၆ ရက်တွင် ဒိုက်ဦးမြို့မ ရဲစခန်း၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ 

ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို မခံရမီ နော်သောဘွဲ့ထူးအနေဖြင့် ကျပ် တစ်သောင်းတန်ငွေစက္ကူများသည် အတုများဖြစ်နေခြင်းကို သိရှိခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM၊ ရွှေ့ပြောင်းအလုပ်သမားဌာန ဌာနမှူး ဒေါ်ထွေးထွေးငယ်ထံ ဆက်သွယ်ပြောဆိုခဲ့ကြောင်း၊ ရဲစခန်းကို အပ်နှံရန်အကြံပေးခဲ့ခြင်းကြောင့် ရဲစခန်းကို သွားရောက် အပ်နှံရာတွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေါ်ထွေးထွေးငယ်က မဇ္ဈိမသို့ ဒီဇင်ဘာ ၉ ရက်နေ့တွင် အတည်ပြုပြောဆိုထားသည်။ 

လက်ရှိတွင် နော်သောသွဲ့ထူးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

Mizzima - News in Burmese

0 comments:

Post a Comment