Sunday, January 27, 2019

ARSA ၏ ပထမဆုံးအစီရင်ခံစာထုတ်ပြန်မည်ဟု ကြေညာ


အစိုးရနှင့် တပ်မတော်က အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် ARSA သည် ၎င်းတို့၏ ပထမဆုံး အစီရင်ခံစာကို မကြာမီ ထုတ်ပြန်မည်ဖြစ် ကြောင်း ဇန်နဝါရီ ၂၆ ရက်တွင် တွစ်တာစာမျက်နှာမှ တစ်ဆင့် ကြေညာသည်။ 
ARSA အဖွဲ့သည် တွစ်တာ၌ ၎င်းတို့၏ လှုပ်ရှားမှုများကို ၂၀၁၈ သြဂုတ် ၂၄ ရက်တွင် နောက်ဆုံးထုတ်ပြန်ထားပြီး ငါးလခန့်အကြာတွင် ရဲရင့်သောနှလုံးသား ပြန်လည်ဆန်းသစ်ခြင်းဟု အမည်ပေးထားသော ၎င်းတို့၏ အစီရင်ခံစာကို ထုတ်ပြန်မည့်အကြောင်း ကြေညာခြင်းဖြစ်သည်။ 

ထို့အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောဒေသ၌ ဇန်နဝါရီ ၁၆ ရက်နှင့် ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကို ARSA ၏ လုပ်ရပ်ဟု တပ်မတော်က သုံးသပ်ပြောကြားပြီးနောက် ပထမဆုံးအစီရင်ခံစာအကြောင်း ARSA က ထုတ်ပြန်ခဲ့သည်။ 

ARSA က ထုတ်ပြန်မည့် အစီရင်ခံစာတွင် ရိုဟင်ဂျာ၊ ဂျီနို ဆိုက်နှင့် တော်လှန်ခြင်း၊ လှုပ်ရှား မှုများနှင့် ARSA ပေါ်ထွက်လာ ခြင်း စသည့် သမိုင်းမှတ်တမ်းများ ဖော်ပြမည်ဟုဆိုသည်။ 

အစီရင်ခံစာ ထုတ်ပြန်မည့် နေ့ရက်ကို မကြာမီ ကြေညာမည် ဟု ARSA က ဆိုသည်။ 

ARSA ၏ အထက်ပါ ထုတ် ပြန်ချက်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် AA လှုပ်ရှားမှု များ ဖြစ်ပေါ်လာသည့် အချိန်နှင့် တိုက်ဆိုင်နေပြီး မြန်မာအစိုးရက ကြိုးပမ်းနေသည့် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်း စဉ်အပေါ် ထိခိုက်မှုရှိနိုင်ကြောင်း နိုင်ငံရေးဆောင်းပါးရှင် ဦးသီဟ သွေးက သုံးသပ်သည်။ 

‘‘ဒီလှုပ်ရှားမှုက AA လိုလို၊ ARSA လိုလို ဒီထက်ပိုဆိုးလာဖို့ အကြောင်းရှိတယ်။ ဒါက အားလုံး အတွက် စိုးရိမ်စရာပဲ’’ဟု ၎င်းကဆိုသည်။ 

ရခိုင်ပြည်နယ် မြောက်ပိုင်း တွင် ARSA အကြမ်းဖက်အဖွဲ့ ၏ လှုပ်ရှားမှုသည် ငုပ်လိုက်၊ ပျောက်လိုက်ဖြစ်နေပြီး လက်ရှိအခြေအနေသည် ပြန်လည်လှုပ်ရှားသည့်အခြေအနေဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မှတ်ချက်ပြုသည်။ 

အကယ်၍ ARSA ပြန်ပေါ် လာပါက တပ်မတော်နှင့် လုံခြုံ ရေးတပ်ဖွဲ့များက ပြင်းထန်စွာ တိုက်ထုတ်သင့်ကြောင်းနှင့် ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေးကို တိကျစွာ တာဝန်ယူပေးသင့်ကြောင်း ၎င်းက တိုက်တွန်း သည်။ 

ARSA အကြမ်းဖက်အဖွဲ့ သည် ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ ပြန်လည်ဝင်ရောက်လိုသည့် နေရပ်စွန့်ခွာသူများကို တစ်ဖက် နိုင်ငံအတွင်း ပိတ်ပင်ထားသည့် အခြေအနေရှိကြောင်းနှင့် အစီ ရင်ခံစာထုတ်ပြန်မည့်အကြောင်း ကြေညာခြင်းသည် နိုင်ငံရေးလက်နက်တစ်ခုအဖြစ် အသုံးချလို၍ဖြစ်သည်ဟု ယူဆကြောင်းတပ်မတော် သတင်းအမှန်ထုတ်ပြန်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ 

‘‘ဒါထုတ်ပြန်မယ်ဆိုတာ လည်း နိုင်ငံရေးလက်နက်တစ်ခု၊ မူဝါဒဖြန့်ရေးလက်နက်တစ်ခု၊ ပို ပြီး ဖိအားပေးချင်တဲ့ လက်နက် တစ်ခုအဖြစ် အသုံးပြုချင်တယ်လို့ ထင်ပါတယ်’’ဟု ၎င်းကဆိုသည်။

7Day

0 comments:

Post a Comment