Tuesday, January 1, 2019

အကျင့်ပျက်ခြစားမှုနဲ့ လက်ဝဲဝါဒကို ပစ်မှတ်ထား နှိမ်နင်းမယ်လို့ ဘရာဇီးသမ္မတသစ် ကြေညာ


လက်ယာစွန်း နိုင်ငံရေးသမား ဂျာအီဘိုဆိုနာရိုဟာ ဘရာဇီးသမ္မတသစ်အဖြစ် ကျမ်းသစ္စာဆိုပြီးနောက်မှာ သြဘာကောင်းချီးပေးကြတဲ့ ထောင်ပေါင်းများစွာသော ပြည်သူတွေရှေ့ မိန့်ခွန်းပြောဆိုရာမှာ ရာဇဝတ်မှု၊ အကျင့်ပျက်ခြစားမှုနဲ့ လက်ဝဲအယူအဆတွေကို နှိမ်နင်းသွားမယ်လို့ သံန္ဒိဌာန်ချ ပြောဆိုခဲ့ပါတယ်။ 
လက်တင်အမေရိကရဲ့ အကြီးဆုံးနိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံရဲ့ ဦးဆောင်သူအဖြစ် လေးနှစ်တာ တာဝန်ထမ်းရမယ့် သမ္မတသစ် ဘိုဆိုနာရိုဟာ သမ္မတစလွယ်ကို သိုင်းလွယ်လျက် အင်္ဂါနေ့မှာ ကျမ်းသစ္စာဆိုခဲ့တာ ဖြစ်ပါတယ်။ 

ဘရာဇီးနိုင်ငံဟာ ဆိုရှယ်လစ်စနစ်ကနေ စတင်လွတ်မြောက်တော့မှာဖြစ်ပြီး နိုင်ငံရေးလမ်းကြောင်းမှန်ပေါ် ရောက်ရှိတော့မှာဖြစ်တယ်လို့ ပြည်သူထံ ပထမဆုံး မိန့်ခွန်းပြောရာမှာ ဘိုဆိုနာရိုက ထည့်သွင်း ပြောဆိုပါတယ်။ 

လေထီးစစ်သည်ဟောင်းနဲ့ ရှေ့နေဟောင်းတစ်ဦးဖြစ်တဲ့ အသက် ၆၃ နှစ်ရှိ ဘိုဆိုနာရိုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တွစ်တာကနေပြီး ဂုဏ်ပြုစကား ပြောခဲ့ပါတယ်။ 

“တကယ့်ကို ကောင်းမွန်တဲ့ ကျမ်းသစ္စာဆို မိန့်ခွန်းကို ပြောကြားသွားတဲ့ သမ္မတ ဘိုဆိုနာရိုအတွက် ဂုဏ်ပြုလိုက်ပါတယ်။”လို့ ထရမ့်က တွစ်တာကနေ ရေးသားပါတယ်။ 

ထရမ့်ရဲ့ ဂုဏ်ပြုစကားကို ဘိုဆိုနာရိုက တုံ့ပြန်ရာမှာ “ခင်ဗျားရဲ့ အားပေးစကားတွေအတွက် အမှန်တကယ် ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ အကာအကွယ်အောက်မျာ ကျွန်တော်တို့တွေ ပြည်သူတွေအတွက် ကြွယ်ဝချမ်းသာမှုတွေကို အတူဆောင်ကြဉ်းကြရမယ်။”လို့ ရေးသားခဲ့ပါတယ်။

Mizzima - News in Burmese

0 comments:

Post a Comment