တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား တိုင်ကြားထားခြင်းကို စတင်စစ်ဆေးနေပြီ ဖြစ်သော်လည်း သတင်းထုတ်ပြန်၍မရသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်ကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့်ပတ်သက်သော တိုင်စာသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ်သို့ ဇန်န၀ါရီ ၂၃ ရက်၌ ရောက်ရှိလာခြင်း ဖြစ်သည်။
“သတင်းထုတ်ပြန်လို့မရသေးပါဘူးခင်ဗျ။ စုံစမ်းစစ်ဆေးနေဆဲမို့လို့ တစ်ဖက်ဖက်အပေါ်လွှမ်းမိုးသွားစိုးလို့ပါ’’ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ရာထူး ခန့်အပ်ခြင်းကိစ္စနှင့် ပတ်သက်ပြီးတိုင်ကြားခံထားရခြင်း ဖြစ်သည်ဟု ဒေါက်တာမျိုးညွန့်မှ အတည်ပြုထားပြီး ဖြစ်သည်။
လက်ရှိ ထွက်ပေါ်နေသောသတင်းများအရ တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် ၄င်း၏ တူမဖြစ်သူအား ကိုယ်ရေးအရာရှိအဖြစ် ခန့်အပ်ခြင်းနှင့်ပတ်သက်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေါက်တာလဲ့လဲ့မော်သည်၂၀၁၂ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသို့ဝင်ရောက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကာ သမ္မတဦးထင်ကျော်ခန့်အပ်သည့်အမျိုးသမီး ၀န်ကြီးချုပ် ၂ ဦးအနက် ၁ ဦးအပါအ၀င်လည်းဖြစ်သည်။
၎င်းသည် ထားဝယ်ပြည်သူ့ဆေးရုံတွင်လည်းကောင်း၊ သရက်ပြည်သူ့ဆေးရုံတွင်လည်းကောင်း လက်ထောက်ဆရာဝန်အဖြစ် တာဝန်များ ထမ်းဆောင်ခဲ့သည်။
မင်းသီဟန်(အကုန်သိသတင်းဌာန)
0 comments:
Post a Comment