မြောက်ကိုရီးယား နျူကလီးယားဒုံးကျည် စမ်းသပ်စခန်းတွေ ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေကို ဝါရှင်တန်အခြေစိုက် အကြံပေးအဖွဲ့ Stimson စင်တာက မတ်လ ၇ ရက်မှာ ထုတ်ပြန်ပြီး အဲဒီဓာတ်ပုံတွေအရ စခန်းတခုမှာ လုပ်ငန်းလည်ပတ်နေပုံ ပေါ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ ဗီယက်နမ်နိုင်ငံမှာ မတွေ့ဆုံခင်ကတည်းက မြောက်ကိုရီးယားရဲ့ ဆိုဟဲဂြိုဟ်တု လွှတ်တင်စခန်း ပြန်ပြီးလည်ပတ်နေပုံရတယ်လို့ အဲဒီ အကြံပေးအဖွဲ့က ပြောပါတယ်။
ပြီးခဲ့တဲ့လက ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ထရမ့်နဲ့ ကင်ဂျုံအန်း ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲဟာလည်း ဘာသဘောတူညီချက်မှ မရဘဲ ပြီးဆုံးသွားတာပါ။
မြောက်ကိုရီးယားဟာ နျူကလီးယားဒုံးကျည် စီမံကိန်းရဲ့ တစိတ်တပိုင်း စမ်းသပ်မှုတွေ ပြန်လုပ်နေတယ်လို့ သတင်းတွေ ထွက်လာပေမယ့်လည်း အမေရိကန်သမ္မတ ထရမ့်အနေနဲ့ မြောက်ကိုရီးယားနဲ့ နျူလက်နက်စွန့်လွှတ်ရေး ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘောလ်တန်က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဒုံးကျည်လွှတ်တင်တဲ့ နေရာတခုကို ပြန်ဆောက်နေတယ်လို့ အမေရိကန် အကြံပေးအဖွဲ့နှစ်ဖွဲ့နဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီ တခုတို့က အခုသီတင်းပတ်အတွင်း ဖော်ပြခဲ့ကြပါတယ်။
အဲဒီသတင်းသာ ဟုတ်မှန်ခဲ့ရင် သူ့အနေနဲ့ ဥက္ကဋ္ဌ ကင်ကို အကြီးအကျယ် စိတ်ပျက်မိလိမ့်မယ်လို့ သမ္မတ ထရမ့်က ပြောပါတယ်။
DVB







0 comments:
Post a Comment