
မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ တောင်တက်သမားအမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦး အပါအဝင် စုစုပေါင်း တောင်တက်သမားခြောက်ဦး ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖုန်ကန်ရာဇီ ရေခဲတောင်အမြင့်ပေ ၁၁၀၀၀ သို့ တက်ရောက်နိုင်ခဲ့ပြီး တောင်တက်သမား ၁၄ ဦးမှာ ဖုန်ကန်ရာဇီ ရေခဲတောင်အမြင့်ပေ ၉ရဝဝအထိ တက်ရောက်နိုင်ခဲ့ကြောင်း မိတ္ထီလာခြေလျင် နှင့် တောင်တက်အသင်းမှ သိရသည်။
‘မတ် ၈ရက်က ဖုန်ကန်ရာဇီတောင်ထိပ်ကို တက်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်၊ တောင်ထိပ်ကျွန်တော်တို့ အခြေစိုက်စခန်းမှာ ရေခဲထုကလေးပေလောက်ရှိနေတယ်၊ အဲဒီစခန်းမှာ ကျွန်တော်တို့ ညအိပ်ပြီး မနက်ခင်းတောင်ထိပ်ကို တောင်တက်သမားခြောက်ယောက်နဲ့ ဆက်တိုးကြည့်တယ်၊ တောင်ထိပ်ကိုဆက်တိုးတော့ တောင်ထိပ်မှာ ရေခဲနဲ့ နှင်းမုန်တိုင်းအရမ်းကျနေလို့ အထက်ရေခဲစက် ပေ ၁၁၀၀၀ အထိပဲ တက်နိုင်ခဲ့တယ်၊ ကျန်တဲ့တောင်တက်သမားတွေ က ပေ ၉၇၀၀ အောက်ရေခဲစက်ထိ တက်နိုင်ခဲ့တယ်၊ ကျွန်တော်တို့ထဲမှာ အသက် (၇၂ နှစ်) နဲ့ အသက်အကြီးဆုံးဖြစ်တဲ့ ဦးဝင်းရှိန်လည်း ပေ ၉၇၀၀ အောက် ရေခဲစက်အထိ တက်နိုင်ခဲ့တယ်၊ ဦးဝင်းရှိန် ကျန်းမာရေးလည်း ကောင်းပါတယ်၊ ကျန်တဲ့တောင်တက် အဖွဲ့ဝင်တွေ အားလုံးလည်း ကျန်းမာရေး ကောင်းပါတယ်။ အခု ကျွန်တော်တို့ မတ် ၁၁ ရက်မှာ ပူတာအိုကိုပြန်ရောက်တယ်၊ မနက်ဖြန်တစ်ရက်နားပြီး နောက်ရက် မိတ္ထီလာကို ပြန်လာမယ်”ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုထွန်းလွင်က ပြောကြားသည်။
“ကျွန်တော်တို့က ရာသီဥတုဆိုးရွားချိန် ရေခဲများချိန်နဲ့ သွားတိုးတယ်၊ တောင်ပေါ်ရေခဲထု လေးပေကျော်လောက်မှာ တိုးရတဲ့အခါကျတော့ ပေ ၁၁၀၀၀ အထိပဲ တက်နိုင်ခဲ့တယ်။ ဖုန်ကန်ရာဇီတောင်ထိပ်က ပေ ၁၁၉၂၀ ဆိုတော့ ပေကိုးရာကျော်လောက် မတက်နိုင်ခဲ့ဘူး။ တောင်ထိပ်မှာရာသီဥတုက အရမ်းဆိုးပြီး နှင်းထုက တအားကျတော့ အသက်အန္တရာယ်ရှိလာနိုင်လို့ ကျွန်တော်တို့ ပေ ၁၁၀၀၀ နဲ့ ရပ်လိုက်ရတယ်၊ လမ်းပြကလည်း ဒီလောက်ရာသီဥတုဆိုးရွားတဲ့ အချိန်မှာ ကျန်တာဆက်တက်ရင် အသက်အန္တရာယ် ဖြစ်လာနိုင်မှာစိုးရိမ်လို့ ဆက်မတက်စေချင်တော့ဘူး။ တောင်ထိပ်ရောက်ဖို့ ပေကိုးရာလိုခဲ့တယ်” ဟု မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ ကိုနိုင်မင်းရှိန်က ပြောကြားသည်။
မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်း၏ ဆောင်ပုဒ်မှာ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပါ၊ တောင်တက်ခရီးစဉ်တိုင်းတွင် မိမိတို့ အဖွဲ့ကမည့်သည့် အမှိုက်မျိုးကိုမှ စွန့် ပစ်ခဲ့ခြင်းမရှိစေရစသော ဆောင်ပုဒ်ဖြစ်ပြီး မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ အသင်းဝင် တောင်တက်သမား ၁၀၀ မှ ၂၀၀ ကျော်ဖြင့် ဆင်တောင်၊ မဲနယ်တောင်၊ ပြက္ခရွှေတောင်၊ အရှေ့မြင်၊ အနောက်မြင်တောင်၊ ပုပ္ပားတောင် စသည့်တောင်များသို့ တက်ရောက်ပြီးဖြစ်ကြောင်း သိရှိရပြီး ၂၀၁၉ ခုနှစ် မတ် ၄ ရက်မှ မတ် ၁ဝရက်အထိ မိတ္ထီလာခြေလျင်နှင့် တောင်တက်အသင်းမှ အမျိုးသမီး ခြောက်ဦး၊ အမျိုးသား ၁၄ဦိးစုစုပေါင်း တောင်တက်သမား၂၀ ဖြင့် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဖုန်ကန်ရာဇီ ရေခဲတောင်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Eleven Media Group






0 comments:
Post a Comment