Wednesday, March 13, 2019

ပြည်ပသို့ တင်ပို့လိုသည့် တိုင်းရင်းဆေးဝါးအလိုက် တိုင်းရင်းဆေးပညာဦးစီးဌာနက ထောက်ခံချက်များ ထုတ်ပေးနေ

တိုင်းရင်းဆေးဝါးများ ဖော်စပ်ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဖက်ဝင်အပင်များကို တွေ့ရစဉ် (ဓာတ်ပုံ- အိသဥ္ဇာကျော်)
မြန်မာ့တိုင်းရင်းဆေးနှင့် ကျန်းမာရေး ဖြည့်စွက်စာများကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန် လုပ်ဆောင်ပေးနေပြီး တင်ပို့လိုသည့် တိုင်းရင်းဆေးဝါးအလိုက် ထောက်ခံချက်များ ထုတ်ပေးလျက်ရှိကြောင်း တိုင်းရင်းဆေးပညာဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစ၍ လက်ရှိအထိ ရှမ်းမောမြေ  တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ သုံးခု၊ အဘထတိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးမှနှစ်ခု၊ Royal Ruby တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးမှ နှစ်ခုနှင့်  FAME Pharmaceuticals မှ ၅၃ ခု ထောက်ခံချက်စုစုပေါင်း ၆၀  ထုတ်ပေးပြီးဖြစ်ကြောင်းနှင့် ဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးကုန်ကြမ်း တင်သွင်းလိုပါက ပရဆေးကုန်ကြမ်းထောက်ခံချက်ထုတ်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး တိုင်းရင်းဆေး ကုန်ကြမ်းများ ပြည်ပမှ တင်သွင်းခြင်းအပါအဝင် ကုန်ကြမ်းထောက်ခံချက် အရေအတွက်၂၇၅ မျိုးကို ထောက်ခံချက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးနှင့်ပတ်သက်၍ မှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်ထောက်ခံချက် ပေးခြင်းတို့ကိုလည်း ဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါလုပ်ငန်းများကို တိုင်းရင်းဆေးဝါးလုပ်ငန်းရှင်များက ဆောင်ရွက်ရာတွင် လွယ်ကူစေရန် ညွှန်ကြားရေးမှူး (ဆေးဝါး/ ဥယျာဉ်) ဖုန်း ၀၆၇-၄၃၁၀၉၄၊ ဒုတိယညွှန်ကြားရေး (ဆေးဝါး) ဖုန်း ၀၆၇-၄၃၁၁၄၈ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးဝါးနှင့် ပရဆေးဥယျာဉ်ဌာနခွဲသည် ဆေးရုံဆေးခန်းများတွင် လိုအပ်သောဆေးဝါးများ ထုတ်လုပ်ပေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ရေးလိုင်စင်ကိစ္စများ ဆောင်ရွက်ခြင်း၊ ပရဆေးဥယျာဉ်များ တည်ထောင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၁၆ ခုနှစ် ဧပြီမှ ၂၀၁၇ ခုနှစ် မတ်အထိ ဆေးဝါးမှတ်ပုံတင်ဌာနစိတ်မှ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အသစ်   ၁၂၁ ခု၊ တိုင်းရင်းဆေးဝါး မှတ်ပုံတင် သက်တမ်းတိုး ၁၀၇၀၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) ၃၂၉ ခု၊ တိုင်းရင်းဆေးဝါး ထုတ်လုပ်ခွင့်လိုင်စင် (ဖြည့်စွက်)၅၅ ခု၊ ပရဆေးကုန်ကြမ်းထောက် ခံချက် ၂၆၁ ခု၊ Certificate of Free Sale ထောက်ခံချက်နှစ်ခု၊ Post Market Survey ကောက်ယူစစ်ဆေး၍ တိုင်းရင်းဆေးဝါး ၆၃ ခုကို အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြော်ငြာခြင်းတို့ကို စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။

ထို့ပြင် တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေး အဖွဲ့အစည်းအဝေးအမှတ်စဉ် (၃/၂၀၁၇) ဆုံးဖြတ်ချက်ပါ စည်းကမ်းသတ်မှတ်ချက်များကို ၂၀၁၇ ခုနှစ် ဇွန် ၅ ရက်တွင် ပြန်လည်ရုပ်သိမ်းပေးထားပြီး ဖြစ်သည့်အပြင် တိုင်းရင်းဆေးဝါးမှတ်ပုံတင် (သက်တမ်းတိုး) ကိစ္စများအား ပြည်နယ် / တိုင်းဒေသကြီးနှင့်တိုင်းရင်းဆေးပညာဦးစီးဌာန  (ရုံးချုပ်)တွင်သာ ဆောင်ရွက်ရန်လျှော့ချပေးခြင်း၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်ကိစ္စများ လျှောက်ထားခြင်းတို့အတွက် ကောက်ခံသော   ငွေကြေးနှုန်းထားများ လျှော့ချပေးခြင်းတို့ ဆောင်ရွက်ထားကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment