ဗင်နီဇွဲလားသမ္မတ မာဒူရိုက ခြောက်ရက်မြောက် စံချိန်တင် ဓာတ်အားပြတ်တောက်မှုနှင့်ပတ်သက်၍ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား အပြစ်ဖို့လိုက်ပြီး အမေရိကန်သံတမန်များအား ၇၂ နာရီ အတွင်းထွက်ခွာသွားရန် အင်္ဂါနေ့က ညွှန်ကြားလိုက်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းရန် ဆွေးနွေးမှုများ ပျက်ပြားသွားပြီးနောက် ဗင်နီဇွဲလားအစိုးရက ဗင်နီဇွဲလားမြေပေါ်တွင် အဆိုပါ သံအရာရှိများရှိနေခြင်းသည် နိုင်ငံ၏ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးရေးအတွက် အန္တရာယ်ဖြစ်သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဗင်နီဇွဲလားရှေ့နေချုပ် တာရက်ဆာ့ပ်က ဂွါအီဒိုအား နိုင်ငံအပေါ် ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်မှုဖြင့် အမှုဖွင့်စစ်ဆေးရန် တရားရုံးသို့ တောင်းဆိုထားသည်ဟု အင်္ဂါနေ့က ပြောကြားသည်။
ဗင်နီဇွဲလားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် အီလီယော့ အေဘရမ်က အမေရိကန်အစိုးရသည် မာဒူရိုအစိုးရကို အားပေးနေသည်ဟု ယူဆရသော ငွေကြေးအဖွဲ့အစည်းများအပေါ် အလွန်ထိရောက်သည့် နောက်ထပ်အရေးယူပိတ်ဆို့မှုများကို လာမည့်ရက်ပိုင်းအတွင်း ချမှတ်ရန် ပြင်ဆင်နေသည်ဟု ပြောကြားသည်။
စစ်တပ်နှင့် အခြားအစိုးရအဖွဲ့အစည်းများ၏ သစ္စာခံမှုကို ဆက်လက်ရရှိနေပြီး ရုရှားနှင့်တရုတ်တို့၏ ကျားကန်ပံ့ပိုးပေးမှုကို ရရှိနေသူ မာဒူရိုက ဗင်နီဇွဲလား၏ စီးပွားရေးအကျပ်အတည်းနှင့်ပတ်သက်၍ အမေရိကန်ကို အပြစ်ဖို့လိုက်ပြီး ဂွါအီဒိုကိုလည်း ဝါရှင်တန်၏ ရုပ်သေးရုပ်ဟု အပုပ်ချလိုက်သည်။ နိုင်ငံအတွင်း ခြောက်ရက်ဆက် ဓာတ်အားပြတ်တောက်မှုကြောင့် ဆေးရုံများတွင် ပစ္စည်းကိရိယာများ လည်ပတ်ရန် ရုန်းကန်နေရပြီး အပူပိုင်းဇုန် ရာသီဥတုအောက်တွင် စားနပ်ရိက္ခာများလည်း ပုပ်သိုးကုန်သည်ဟု သိရှိရသည်။ အဓိက ပို့ကုန်ထုတ်လုပ်ပေးနေသော ရေနံစက်ရုံမှာလည်း ရပ်ဆိုင်းသွားပြီဖြစ်သည်။
ဂွါအီဒိုက ၎င်းကို စုံစမ်းစစ်ဆေးရန် တောင်းဆိုသော ရှေ့နေချုပ်ကို လှောင်ပြောင်ရှုတ်ချလိုက်ပြီး “ဒီလူက အခုမှ ထွက်လာပြီး ကျွန်တော်တို့က တိုင်းပြည် ပျက်စီးရာပျက်စီးကြောင်း လုပ်နေတယ်လို့ စွပ်စွဲနေတယ်။ ဒီနိုင်ငံကို ပျက်စီးသွားစေတဲ့သူက ဘယ်သူလဲဆိုတာ အားလုံးသိတယ်။ မာဒူရိုပဲ”ဟု အင်္ဂါနေ့က လူထုစည်းဝေးပွဲတွင် ပြောဆိုလိုက်သည်။
ခြောက်ရက်ကြာ ပြတ်တောက်သွားခဲ့သော လျှပ်စစ်ဓာတ်အားကို အင်္ဂါနေ့က နိုင်ငံအနှံ့ နေရာများစွာသို့ ပြန်လည်ဖြန့်ဖြူး နိုင်ခဲ့သော်လည်း ကာရာကတ်စ်ရှိ အချို့ရပ်ကွက်များနှင့် ကိုလမ်ဘီယာနယ်စပ်အနီး ဒေသများတွင် မီးပြန်မလင်းသေးဟု သိရှိရသည်။
Doctors for Helth အင်န်ဂျီအိုမှ ဂျူလီယိုကတ်စထရိုက ဓာတ်အားပြတ်တောက်သွားပြီး နောက်ပိုင်း ဆေးရုံများတွင် လူနာ ၂၄ ဦးခန့် ကွယ်လွန်သွားခဲ့သော်လည်း ဓာတ်အားပြတ်တောက်မှုသည် လူနာများ ကွယ်လွန်မှုနှင့် တိုက်ရိုက်ဆက်စပ်မှုမရှိဘဲ မူလကတည်းက ချို့ယွင်းနေပြီးသား ဆေးရုံများ၏ အခြေအနေကို ပိုဆိုးသွားစေရုံသာဖြစ်သည်ဟု ပြောကြားသည်။
The Voice







0 comments:
Post a Comment