ကာစီနိုလောင်းကစားဝိုင်းများ အကန့်အသတ်ဖြင့် ခွင့်ပြုနိုင်ရေး အပါအဝင် ခေတ်ကာလနှင့်လျော်ညီသည့် ဥပဒေဖြစ်စေရန် ရေးဆွဲနေသည့် ၂၀၁၈ ခုနှစ်လောင်းကစားဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များကို အကြိမ်ကြိမ်ဆွေးနွေးပြီးနောက် ၂၀၁၉ ခုနှစ် မတ်လ(၈)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုလိုက်ပြီဖြစ်သည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ကြား သဘောထားကွဲလွဲနေသဖြင့် ပြင်ဆင်ချက်များကို အကြိမ်ကြိမ်ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ ပြင်ဆင်ချက်များကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ မတ်လ (၈)ရက်နေ့တွင် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဥာဏစိုးကတင်ပြရာ ကန့်ကွက်မဲမရှိ ထောက်ခံခဲ့ကြသဖြင့် အဆိုပါဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်၏ ဥပဒေ၊ နည်းဥပဒေများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာသည်။
အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေး အဋ္ဌမနေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့တွင် ပထမအကြိမ် တင်သွင်းခဲ့ပြီးနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ သဘောထားမှတ်ချက် ထပ်မံတင်ပြမှုကို လေ့လာသုံးသပ်ပြီး မတ်လ (၅)ရက်နေ့တွင်လည်းကောင်း၊ မတ်လ (၈)ရက်နေ့တွင် လည်းကောင်း တင်ပြခဲ့ခြင်းဖြစ်သည်။
ခေတ်ကာလနှင့်လျော်ညီသည့် အရေးယူမှု၊ ပြစ်မှုပြစ်ဒဏ်များပါဝင်သည့် ဥပဒေဖြစ်စေရန် ရေးဆွဲနေသည့် ၂၀၁၈ ခုနှစ်လောင်းကစားဥပဒေကြမ်းကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၂)ရက်နေ့တွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့ပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ခြင်းဖြစ်သည်။
အဆိုပါဥပဒေကြမ်းနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်က သဘောထားကွဲလွဲချက်များနှင့်အတူ နိုဝင်ဘာလ (၃၀)ရက်နေ့၌ ပြည်သူ့လွှတ်တော်သို့ ပြန်လည်ပေးပို့ခဲ့သည့်အတွက် လွှတ်တော်နှစ်ရပ် သဘောထား ကွဲလွဲချက်များကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က ဆွေးနွေးခဲ့ပြီးနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီအနေဖြင့် လေ့လာသုံးသပ်ပေးရန် တာဝန်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတာဝန်ပေးချက်အရ ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇)ရက်နေ့တွင် အစည်းအဝေး ကျင်းပပြီး ဥပဒေကြမ်းပါ သဘောထားကွဲလွဲချက်များကို စိစစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency







0 comments:
Post a Comment