နိုင်ငံအတွင်း ပင်စင်စားအင်အား နှစ်စဉ်တိုးမြင့်နေခြင်းကြောင့် နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံးစွဲလျက်ရှိကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက မတ် ၇ ရက်၌ နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေ အကောင်အထည်ဖော်ရေး ကော်မတီ၏ ပထမ အကြိမ်အစည်းအဝေးတွင်ပြောဆိုသည်။
အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံတွင် ပင်စင်စားအင်အား နှစ်စဉ်တိုးလာခြင်း၊ မျှော်မှန်းလူ့သက်တမ်းတိုးမြင့်လာခြင်းများကြောင့် ပင်စင်အသုံးစရိတ်များ တစ်နှစ်ထက်တစ်နှစ် ပိုမိုကျခံရလျက်ရှိပါကြောင်း၊ လက်ရှိပင်စင်အသုံးစရိတ်သည် GDP ၏ ၁ ဒသမ ၅ ရာခိုင်နှုန်း၊ နိုင်ငံတော်အခွန်ရငွေ၏ ခြောက်ပုံတစ်ပုံနှင့် နိုင်ငံတော်စုစုပေါင်း အသုံးစရိတ်၏ ၁၀ ရာခိုင်နှုန်းနီးပါး နှစ်စဉ်သုံးစွဲလျက်ရှိကြောင်းပြောကြားသည်။
ထို့နောက် ရေရှည်တည်တံ့ခိုင်မြဲသည့် အမျိုးသားပင်စင်စနစ်ဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲရမှုကို ရေရှည်ခံနိုင်စွမ်းရှိစေရန်အတွက် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံ့ဝန်ထမ်း ပင်စင်စားနစ်အား အခြားသောကမ္ဘာ့နိုင်ငံများနည်းတူ ရန်ပုံငွေကို အခြေခံ၍ ခံစားခွင့်ပြုသည့်စနစ်သို့ပြောင်းလဲရန် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဤသို့ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေကို ထူထောင်၍ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဆိုပါရန်ပုံငွေနှင့်စပ်လျဉ်း၍ ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေဥပဒေ၊ ဆောင်ရွက်မည့်မဟာဗျူဟာနှင့် လုပ်ငန်းစဉ်များကို အချိန်ကာလနှင့် သတ်မှတ်ရေးဆွဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံ၏ နိုင်ငံ့ဝန်ထမ်း ပင်စင်စနစ်သည် နိုင်ငံတော်ဘတ်ဂျက်မှ တိုက်ရိုက်ကျခံ သုံးစွဲသော ရန်ပုံငွေထူထောင်ထားခြင်းမရှိသည့် သတ်မှတ်အကျိုးခံစားခွင့်စနစ်ဖြစ်ကြောင်း ရေရှည်တည်တံ့ခိုင်မြဲသည့် ပင်စင်စနစ်ဖြစ်ပေါ်လာရေးအတွက် ရန်ပုံငွေကို အခြေခံခွင့်ပြုသည့် စနစ်သို့ပြောင်းလဲရန် ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေထူထောင်၍ အနာဂတ်တွင် ပုဂ္ဂလိကဝန်ထမ်းများကိုပါ လွှမ်းခြုံနိုင်မည့် အမျိုးသားပင်စင်စနစ်ကို မျှော်မှန်းဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ဝန်ထမ်းနောင်ရေးဗဟိုရန်ပုံငွေအကောင်အထည်ဖော်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ် (၂၇/၂၀၁၉) ဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် ဖွဲ့စည်းခဲ့သည်။
The Myanmar Times







0 comments:
Post a Comment