ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများအနေဖြင့် မေးခွန်းများပြန်လည် ဖြေကြားရာတွင် ပြည့်စုံစွာဖြေကြားသင့်ပြီး လွှတ်တော်ကို အလေးအနက်ထားသင့်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်ပြောကြားသည်။
လွှတ်တော်တွင် လေးလကြာ တင်ပြထားသည့် မေးခွန်းနှင့်ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး လာရောက်ပြီး မပြည့်မစုံဖြေကြားခြင်းမှာ လွှတ်တော်ကို အလေးမထားရာရောက်ကြောင်း ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦး သန်းနိုင်ဦးက ပြောကြားသည်။
“လေးလလောက်ကြာ ပြင်ဆင်ထားပြီး ဖြစ်တဲ့မေးခွန်းကို ၀န်ကြီးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဖြေကြားပေးလိုက်တယ်။ ဒါပေမဲ့ မပြည့်မစုံ လာဖြေတဲ့အခါကျတော့ လွှတ်တော်ကို သက်သက် အလေးမထားရာ ကျတယ်လို့ခံစားရပါတယ်။ နောက်ပိုင်းဆိုရင် တော့ သက်ဆိုင်ရာ တာဝန်ရှိတဲ့ဌာနတွေက ဒီမေးခွန်းတွေ ဖြေကြားပေးမယ့်သူတွေက သေသေချာချာ လေးလေးနက်နက် ထားသင့်တယ်။ ပြည်သူတွေက သတင်းသိပိုင်ခွင့်အရ သိသင့်တဲ့ကိစ္စတွေပါ။ အဲဒါမျိုးတွေဆိုရင် ကြားမှာ ဒါတွေက နောက်ပြီးတော့ သူတို့ကို သံသယဖြစ်စရာတွေ ဖြစ်လာလိမ့်မယ်။ ဒါတွေက အဂတိတွေပါသလား။အခုဆိုရင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုတာက Hot Issue လိုဖြစ်နေတာ။ အဲဒီလိုမျိုးတွေ မဖြစ်အောင် ထိန်းကျောင်းဖို့ တာဝန်က အကုန်လုံးမှာတာဝန်ရှိတယ်။မီဒီယာမှာရော လွှတ်တော်ကိုယ်စားလှယ်တွေမှာရော အကုန်လုံးက ၀ိုင်းပြီးတော့ ထိန်းကျောင်းပေးနေတာလေ။ ဒါမျိုးတွေကို လွှတ်တော်ကို လာဖြေတဲ့အခါကျရင်တော့ တိတိကျကျနဲ့ မှန်မှန်ကန် ကန်လာဖြေဖို့လိုပါတယ်”ဟု လွှတ်တော်ကိုယ်စားလှယ်ဦးသန်းနိုင်ဦးက ပြောကြားသည်။
မေ ၂၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၃၁ ရက်မြောက်နေ့) တွင် ပန်းဘဲတန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက “ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ကုန်ပို့စက် ယာဉ်/တွဲယာဉ်များ အဟောင်းများ၊ ဒလမှော်စက်ဝန်းကျင်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးမြစ်ဝဌာနခွဲရှိ စက်ရေယာဉ်အဟောင်းများ၊ စက်ရှိ၊ စက်မဲ့တွဲရေ ယာဉ်များအား ရှင်းလင်းအောင် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်ပတ်သက်ပြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေ ကြားခဲ့သည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက ဆက်စပ်မေးခွန်းအနေဖြင့် ‘ဆာဗီယာနံပါတ်၊ တွဲယာဉ်နံပါတ်များကို မည်သို့ ပြန်လည်ထုတ်ပေးပါသနည်း၊ သင်္ဘော အဟောင်းအပျက်များကို သံထည် အဟောင်းဈေးဖြင့် လေလံတင် ထုခွဲရောင်းချရာတွင် လိုင်စင်ပါ ထည့်သွင်းရောင်းပါသလားနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ စီမံခန့်ခွဲခွင့်ရှိသည့် ရေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ပုဂ္ဂလိကသို့ ငှားရမ်းထားသောတွဲယာဉ် မည်မျှရှိ၍ တစ်နှစ်လျှင်ငှားရမ်းခနှုန်း မည်မျှဖြင့် ငှားရမ်းထားပါသလဲ’ ဟု မေးမြန်းရာ ၀န်ကြီး ဒေါ်နီလာကျော်က မေးမြန်းထားသည့် မေးခွန်းများကို ပြည့်စုံရန် ဌာနဆိုင်ရာကို မေးမြန်း၍ ပြည်လည်ပေးပို့ဖြေကြားပေးမည် ဖြစ်ကြောင်း ပြောကြားသည်။
“၀န်ကြီးတွေဆီကို မေးခွန်းရောက်ပြီဆိုရင် အောက်အဖွဲ့ကို မေးရတာပဲလေ။ အောက်ကပေးလိုက်တဲ့ဟာကို လွှတ်တော် မှာ လာမဖြေခင် ၀န်ကြီးတွေက သေချာစိစစ်သင့်ပါတယ်။ တိကျတဲ့အဖြေတစ်ခုရအောင် ကိုယ့်အောက်က အဖွဲ့အစည်းတွေကို ပြန်ပြီး တော့ ပြောသင့်ပါတယ်။ လွှတ်တော်မှာ မေးတယ်၊ ဖြေတယ်ဆိုတာကတော့ တစ်နိုင်ငံလုံးကို လွှင့်နေတာလေ။ အစိုးရရဲ့ပုံရိပ်လည်း ဖြစ်တယ်။ မေးခွန်းလေးခုမေးတာ တစ်ခုပဲ ဖြေသွားတယ်ဆိုတာကတော့ မကောင်းဘူးပေါ့။ အစိုးရရဲ့ပုံရိပ်လည်း ထိခိုက်ပါတယ်။နောက်နောင်တော့ ၀န်ကြီးတွေအနေနဲ့ အောက်ကရေးပေးတာနဲ့ မဟုတ်ဘဲနဲ့ သေချာ တိကျတဲ့အဖြေတစ်ခုရအောင် အားထုတ်သင့်ပါတယ်။ အစိုးရအဖွဲ့လုပ်ရမယ့် အလုပ်ထဲမှာ လွှတ်တော်မေးခွန်းကို ပြန်ဖြေရမယ်ဆိုတာက အလုပ်တစ်ခုပဲ။ ဒါက ၀န်ကြီးတွေ မဖြစ်မနေ လုပ်ကိုလုပ်ရမယ့်အလုပ်။ အဲဒါကို အလုပ်တစ်ခုလို သဘောထားပြီးလုပ်ဖို့ လိုတယ်။ အခုဆိုရင်လည်း မေးခွန်းတွေ အများကြီး ကျန်သေးတယ်။ တစ်ခါတလေ မေးခွန်းလေးနှစ်ခု သုံးခုပဲ။ လွှတ်တော်အနေနဲ့ မေး ခွန်းလေးနှစ်ခုသုံးခုလောက်ရဖို့ စောင့်နေရတယ်။ အဲဒါက အဓိပ္ပာယ်ကို မရှိဘူး။အစိုးရအဖွဲ့တစ်ဖွဲ့လုံးအနေဖြင့် ကိုယ့်အချိန်ကို စီမံခန့်ခွဲတဲ့နေရာမှာ လွှတ်တော်ရဲ့ မေးခွန်းတွေ ဖြေဖို့ဆိုတာမျိုးတွေ၊ လွှတ်တော်မှာ အတည်ပြုခဲ့တဲ့ အဆိုတွေ အကောင်အထည်ဖော်ဖို့ ဆိုတာမျိုးတွေ အဲဒါမျိုးတွေကို သူတို့စိတ်မှာကိုက လွှတ်တော်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ်။ လွှတ်တော်ကို အလေးထားပြီးတော့ ကိုယ့်အချိန်စီမံခန့်ခွဲမှုကို အဲဒီဖယ်ထားပြီးတော့ လုပ်ရမယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ အချိန် ရမှဖြေမယ်ဆိုလို့ကတော့ ဒီအတိုင်းပဲဖြစ်နေဦးမှာပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က ပြောကြားသည်။
“ကိုယ်စားလှယ်တွေဆိုတာကလည်း ထပ်ဆင့်မေးလေ့ရှိတဲ့ အခါမျိုးကျတော့ အဲဒီအတွက်ပါ ကြိုပြီးပြင်ရမယ့်အနေအထား ရှိတယ်။ ၀န်ကြီးတစ်ယောက်ရဲ့ တာဝန်အရဆိုရင်တော့ ဒီဟာ စနစ်တကျဖြေရမယ်ပေါ့။လွှတ်တော်နိုင်ငံရေးကလည်း ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံမှာက လွှတ်တော် နိုင်ငံရေး သိပ်အားမကောင်းတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တချို့ဝန်ကြီးတွေက ပြောတာက မေးခွန်းမေးရတာ လွယ်တယ်၊ သူတို့ဖြေရတာ အဖြေတစ်ခုရဖို့ လွယ်တာမဟုတ်ဆိုတဲ့ ပုံစံမျိုးပြောတယ်။ အမှန်တော့ ရအောင်လုပ်ရမှာက သူတို့တာဝန်လေ။ အဲဒါက ၀န်ကြီးတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်တာဝန်နဲ့ ၀တ္တရားပဲ။ လွှတ်တော်ကိုလည်း တလေးတစားနဲ့ မေးခွန်းတွေဖြေဖို့ရှိတယ်။ ဒီတစ်ခေါက်မှာ မေးခွန်းတွေ ဘယ်နှခုတပ်ထားတယ်။ အဲဒါတွေကို စနစ်တကျ ဘယ်လိုဖြေမယ်ဆိုတာမျိုး။ ကိုယ်စားလှယ်လွယ်လွယ်လေး မေးတာလေ။ ငါတို့လည်း ဒီလိုလေးပဲ ဖြေလိုက်မယ်ဆိုရင်တော့ သိပ်အဆင်မပြေဘူး။ ဒီမိုကရေစီသွားတဲ့အခါမှာ လွှတ်တော်နိုင်ငံရေး အားကောင်းဖို့လိုတယ်။ ကိုယ်စားလှယ်တွေဆိုတာ ပြည်သူနဲ့အများဆုံး ထိတွေ့နေတာပါ”ဟု ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ် တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးများအနေဖြင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များမှ မေးမြန်းမှုများနှင့်ပတ်သက်ပြီး ပြည့်ပြည့်စုံစုံဖြေကြားပေးရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတင်ကျင်းပသည့်နေ့တွင် ပြောကြားထားသည်။
ပြည့်ဖြိုးအောင်၊ ဆန်းထူးအောင်
Eleven Media Group
0 comments:
Post a Comment