Friday, July 13, 2018

ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကို ကတိခံပါက NCA တွင် လက်မှတ်ရေးထိုးရေး စဉ်းစားမည် ဟု UWSA ဆို


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးပြီးမှသာ ပြင်ဆင်ခွင့်နှင့်နှုတ်ထွက်ခွင့်ရှိမယ် ဆိုသည့် သဘောထားအရ ပြည်ထောင်စုအစိုးရနှင့် တပ်မတော်ဘက်မှ အဆိုပါ သဘောထားအား စာဖြင့် ကတိခံပေးပါက ၀ ပြည်အနေဖြင့် NCA တွင် လက်မှတ်ရေးထိုးနိုင်ရေးအတွက် စဉ်းစားပေးသွားမည်ဖြစ်ကြောင်း ၂၁ ရာစုပင်လုံတတိယအစည်းအဝေးတွင် ၀ ပြည်နယ်၏ဆွေးနွေးတင်ပြချက်များအပေါ် ၀ ပြည်နယ်ပြည်သူ့အစိုးရဒုတိယဥက္ကဌ ဦးကျောက်ကော်အန်း၏ ပြောကြားချက်များထုတ်ပြန်ခဲ့မှုတွင်ပါရှိသည်။

"နောက်ဆုံးသဘောထားအရပြည်ထောင်စုအစိုးရနှင့်တပ်မတော်ဖက်မှ ဒီသဘောထားကို စာအားဖြင့် ကတိခံခဲ့ရင် ၀ ပြည်အနေဖြင့် လက်မှတ်ရေးထိုးဖို့ တက်ကြွစွာ စဉ်းစားပေးနိုင်မည်။ ယခုအခါပြည်ထောင်စုအစိုးရနှင့် တပ်မတော်တို့သည် ထိုကိစ္စရပ်အပေါ် ယခင်ကပြုလုပ်ခဲ့တဲ့ NCA ပြင်ဆင်လို့မရဖူးဆိုတဲ့ လမ်းစဉ်အပေါ် ပြန်လည်ရောက်ရှိသွားပါတယ်။ ဒါဟာငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်မိပါတယ်"ဟု ထုတ်ပြန်ကြေညာချက်တွက်ပါရှိသည်။

ဝ ပြည်အနေဖြင့် ယနေ့ထိတိုင် NCA တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်းယခင် ၀ ပြည်နှင့်ပြည်ထောင်စုအစိုးရတို့မှသဘောတူရရှိထားသည့် အဆင့် ၃ ဆင့် ငြိမ်းချမ်းရေးသဘောတူညီချက်အား ၀ ပြည်အနေဖြင့် မူလကတိအတိုင်း အစဉ်ထိန်းသိမ်းထားကြောင်း လည်းပါရှိသည်။

ဝ ပြည်မှ NCA ပြင်ဆင်ရေးသဘောထားစွဲကိုင်ထားရသည့် အကြောင်းအရင်းသည် NCA တွင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများတွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ဖြစ်ကြောင်းလည်း ထုတ်ပြန်ကြေညာချက်တွင်ပါရှိသည်။

ထို့အတူ ၀ ပြည်အနေဖြင့် NCA လက်မှတ်ရေးထိုးပါက စစ်အပစ်အခတ်ရပ်စဲရေးအား အာမခံပေးနိုင်ရေး၊နိုင်ငံရေးဆွေးနွေးမှုများတွင်လည်း တရားမျှတသည့် နိုင်ငံရေးသဘောတူညီမှုဖြစ်လာရန် အာမခံချက်ပေးနိုင်ရမည်ဖြစ်ကြောင်း၊NCA လက်မှတ်ရေးထိုးဖို့အတွက် NCA လက်မှတ်ရေးထိုးတာ မဖြစ်စေလိုကြောင်း ပါရှိသည်။

မြန်မာနိုင်ငံမြောက်ပိုင်း၏ထာဝရငြိးချမ်းရေးကို ဖော်ဆောင်နိုင်ရေးအတွက် မြန်မာ့ တပ်မတော်အနေဖြင့် လက်တွေ့အခြေအနေအအား ရှုမြင်၍ အားလုံးပါဝင်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ကာ ပြည်ထောင်စုမြန်မာနိုင်ငံသားသုံးဖွဲ့အား ငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်ပြီး မည်သည့် အဖွဲ့မှ မကျန်ရှိစေရန် ၀ ပြည်မှ အကြံပြုတိုက်တွန်းနေကြောင်းလည်း ၎င်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ပြင် မြောက်ပိုင်းငြိမ်းချမ်းရေးသည် အခက်အခဲများစွာရှိနေသော်လည်း ၀ ပြည်အနေဖြင့် အကြီးဆုံးသော သဘောရိုးဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အား ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ပါရှိသည်။

အဆိုပါထုတ်ချက်အား မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ တည်းခိုသည့် Horizon Lake View ဟိုတယ်တွင် ၀ ပြည်နယ်၏တာဝန်ရှိသူတစ်ဦးမှ သတင်းမီဒီယာများအား ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

ပုံစာ - ယမန်နေ့က အတိုင်ပင်ခံနှင့်တွေ့ဆုံခဲ့သည့် UWSA အဖွဲ့
Photo - MSCO
The Fifth Wave News

0 comments:

Post a Comment