Saturday, December 1, 2018

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ်သို့ ရောက်ရှိစဉ် အစွန်းရောက် ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းမှာ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆ ပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်

ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ကရင်ပြည်နယ်သို့ရောက်ရှိစဉ် အစွန်းရောက် ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းမှာ ဘာသာတရားအသီးသီး၏ ဘာသာရေးအယူအဆ ပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့ ခြင်းဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက နိုဝင်ဘာ ၃၀ ရက်တွင် သတင်း ထုတ်ပြန်သည်။ 
ကရင်ပြည်နယ် မြိုင်ကြီးငူအထူးဒေသ၌ ၂၀၁၈ နိုဝင်ဘာ ၂၇ ရက်တွင် ကျင်းပခဲ့သော မြိုင်ကြီးငူဆရာတော် ဘဒ္ဒတ္တသုဇန၏ အန္တိမ အဂ္ဂဈပန သာဓုကိဠနပူဇာသဘင် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်များထံ လျှောက်ထားရာတွင် မြိုင်ကြီးငူဆရာ တော်ကြီးသည် ကရင်ပြည်နယ် ငြိမ်းချမ်းရေး ရရှိရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းတော်မူခဲ့သော ငြိမ်းချမ်းရေးဗိသုကာ ဖြစ်သည့်အပြင် သာသနာပြုလုပ်ငန်းများကို မနားမနေ လုပ်ဆောင်ခဲ့၍ ကြီးမားသောဆုံးရှုံးမှုတစ်ရပ် ဖြစ်သဖြင့် လွန်စွာဝမ်းနည်းကြောင်းကို လျှောက်ထားခဲ့ကြောင်း၊ ထို့ပြင် တစ်ဆက် တည်းမှာပင် ဘာသာရေးကို အခြေခံသည့် လူမှုရေးပဋိပက္ခမဖြစ်အောင် အခြားဘာသာများကိုလည်း ပစ်ပယ်ရန်မဟုတ်ကြောင်း ပြောကြားခဲ့သည့်အပြင် အစွန်းရောက်ဘာသာတရား တစ်ခုဟု သုံးနှုန်းခဲ့ခြင်းမှာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းခြင်းမဟုတ်ဘဲ ဘာသာအသီးသီး၏ ဘာသာရေးအယူအဆပြင်းထန်သူများကိုသာ ညွှန်းဆိုသုံးနှုန်းခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ထိုသို့ အစွန်းရောက်ဘာသာတရားတစ်ခုဟု သုံးနှုန်းခဲ့ခြင်းနှင့်ပတ်သက်၍ ကုရ်အာန် အသိပညာပြန့်ပွားရေးအဖွဲ့က ကန့်ကွက်သည့် သဘာထားကြေညာချက်ကို နိုဝင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ယင်းကြေညာချက်တွင် အထက်ပါအသုံးအနှုန်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်တည်နေ သော ဘာသာတရားတစ်ခုခုကို ရည်ညွှန်းခြင်း ဖြစ်သည်ဟု နားလည် သဘောပေါက်ကြောင်း၊ မည်သည့်ဘာသာကို ရည်ညွှန်းသည်ဖြစ်စေ ဝန်ကြီးအနေဖြင့် ဘာသာတရားတစ်ခုခုကို အစွန်းရောက်ခြင်းဟူသော ဝေါဟာရနှင့် တွဲဖက်သုံးနှုန်းခြင်းကို များစွာဝမ်းနည်းသလို အသုံးအနှုန်းကို ကန့်ကွက်ကြောင်း၊ ထိုသို့သုံးနှုန်းခြင်းကိစ္စနှင့်ပတ်သက်ပြီး ပြန်လည်ဖြေရှင်းပေးရန် မျှော်လင့်ကြောင်း အစရှိသဖြင့် ရေးသားထားသောသတင်းအား Friday Times News Journal Facebook Page တွင် နိုဝင်ဘာ ၂၈ ရက် ညနေ ၆ နာရီက ဖော်ပြခဲ့သည်။ 

ဆက်လက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်၌ ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကိုအနေဖြင့် မည်သည့်လူမျိုး၊ မည်သည့်ဘာသာအပေါ်ကိုမျှ ခွဲခြားဆက်ဆံမှုအလျဉ်းမရှိ ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးရေးကို အစဉ်အမြဲ လက်ကိုင်ထားလျက် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဦးလည်မသုံကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် စကားလုံး အသုံးအနှုန်းအပေါ် သည်းခံနားလည်စွာဖြင့် အဓိပ္ပာယ်ကောက်ယူကြပါရန်နှင့် ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးအတွက် မလိုလားအပ်သောပြဿနာများ မဖြစ်ပွားစေရေးအတွက် အတူတကွ ဆက်လက်ရပ်တည်၍ ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံအသိပေး ရှင်းလင်းဖော်ပြကြောင်း ပါရှိသည်။ 

ယင်းအပြင် ဒီမိုကရေစီနိုင်ငံ သစ်တည်ဆောက်နေချိန်တွင် ခေတ်အဆက်ဆက်ငြိမ်း ချမ်းစွာလက်တွဲလာခဲ့ကြသည့် လူမျိုးများအကြား၊ ဘာသာဝင်များအကြား နားလည်မှုလွဲစေပြီး ပဋိပက္ခအသွင်ဆောင်သော အမုန်းစကားများကို လူမှုကွန်ရက် အင်တာနက်စာ မျက်နှာ၊ ဆိုရှယ်မီဒီယာများမှတစ်ဆင့် သွေးထိုးလှုံ့ဆော်၍ အကြမ်းဖက်အသွင်ကူးပြောင်းရောက်ရှိအောင် ဖန်တီးလျက်ရှိကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး အနေဖြင့် နိုင်ငံတော်အတွင်း မတူကွဲပြားသောလူမျိုးအချင်းချင်း၊ ဘာသာဝင်အချင်းချင်း အမုန်းလက်ကိုင် မထားရေး မြန်မာနိုင်ငံ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့များ နိုင်ငံတစ်ဝန်း ဖွဲ့စည်းပြီး အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပဋိပက္ခများ မဖြစ်ပေါ်စေရေးအတွက်  စီမံချက်ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အပါအဝင် အချက်ကိုးချက်ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

Eleven Media Group


0 comments:

Post a Comment