Saturday, December 1, 2018

အသက် ၁၂ နှစ်အောက် မိန်းကလေး၊ မသန်စွမ်းသူမိန်းကလေးများကို မုဒိမ်းမှုကျူးလွန်သူအား ထောင်ဒဏ် အနှစ် ၂၀ သို့မဟုတ် ထောင်ဒဏ်တစ်သက်ချမှတ်နိုင်မည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်း အမျိုးသားလွှတ်တော် အတည်ပြု


အသက် ၁၂ နှစ်အောက် မိန်းကလေး၊ မသန်စွမ်းသူ မိန်းကလေးများကို မုဒိမ်းမှု ကျူးလွန်သူအား ထောင်ဒဏ် အနှစ် ၂၀ သို့မဟုတ် ထောင်ဒဏ်တစ်သက် (ထောင်ထဲတွင် သေသည်အထိ) ချမှတ်နိုင်မည့် ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။ 
နိုဝင်ဘာ ၃၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဥပဒေ ကြမ်းကော်မတီ၏ ပြင်ဆင်ချက်၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ခြင်းဖြစ်သည်။ 

ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့ရာတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးက အပိုဒ် ၃၇၆၊ အပိုဒ်ခွဲ(၃)တွင် ပါရှိသော အသက် ၁၂ နှစ် အစား အသက် ၁၆ နှစ် အဖြစ် ပြင်ဆင်ဖြည့် စွက်သင့်သည်ဟု အကြံပြုထားကြောင်း၊ ဥပဒေကြမ်းကော်မတီအနေဖြင့် ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေတွင် အသက် ၁၆ နှစ်အဖြစ် ပြင်ဆင်ခဲ့ပြီးဖြစ်ခြင်း၊ ယခု ပြင်ဆင်သည့် ဥပဒေကြမ်းသည် သက်ငယ်မုဒိမ်းမှုအတွက် အသက်အရွယ်သတ်မှတ်ချက်ကို အဓိကပြင်ဆင်ခဲ့ခြင်းတို့ကြောင့် အသက် ၁၆ နှစ် ပြောင်းလဲရန် မသင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။ 

လွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၏ ပြင်ဆင်ချက်နှင့် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၄ ဦးအနက် ထောက်ခံမဲ ၁၆၁ မဲ၊ ကန့်ကွက်မဲ ကိုးမဲ၊ ကြားနေ တစ်မဲ၊ ဆန္ဒမဲအရေအတွက် ၁၇၁ မဲဖြင့် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အရ အတည်ပြုခဲ့သည်။ 

ဆက်လက်၍ တပ်မတော်သားကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး အောင်ထွန်းလင်းက အပိုဒ် ၃၇၆၊ အပိုဒ်ခွဲ(၃)တွင် ပါရှိသော ပြစ်ဒဏ်ကို သေဒဏ်ထပ်မံထည့်သွင်း ပြင်ဆင်ပေးသင့်သည်ဟု ဆွေးနွေးအကြံပြုထားကြောင်း၊ ဥပဒေကြမ်းကော်မတီအနေဖြင့် လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အထူးသုံးသပ်ဆောင်ရွက်ရမည့် ပြစ်ဒဏ်ဖြစ်သဖြင့် သေဒဏ်ကို ထည့်သွင်းပြင်ဆင်ရန်မသင့်ကြောင်း အစီရင်ခံစာ တင်သွင်းခဲ့သည်။ 

ထို့အတွက် ယင်းအပိုဒ်ကို မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၄ ဦးရှိသည့် အနက်ထောက်ခံမဲ ၁၀၅မဲ၊ ကန့်ကွက်မဲ ၆၄ မဲ၊ ကြားနေ ငါးမဲ၊ ဆန္ဒမဲအရေအတွက် ၁၇၄ မဲဖြင့် ထောက်ခံသူများသည့်အတွက် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အား အမျိုးသားလွှတ်တော်က အတည်ပြုခဲ့သည်။ 

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “အခုအတည်ပြုလိုက်တဲ့ ရာဇသတ်ကြီးကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ သေဒဏ်ကို ထည့်သွင်းခြင်းမပြုတာက ၁၂ နှစ်အောက် ကလေးငယ်တွေကို မုဒိမ်းမှုကျူးလွန်တယ်ဆိုရင် ဆေးစစ်ချက်တွေလို အပ်မယ်။ ပြီးတော့ သေဒဏ်လို့သတ်မှတ် လိုက်တဲ့အတွက် မုဒိမ်းမှုကျူးလွန်ပြီး သတ်ဖြတ်တာတွေ၊ မီးရှို့တာတွေ၊ အပိုင်းပိုင်း ခုတ်ပိုင်းဖြတ်တာတွေ ဖြစ်လာနိုင်တယ်။ အဲဒီလိုလုပ်ပြီး ဒေါသစိတ်ကြောင့်လုပ်မိတာဆိုပြီး ပြောလာနိုင်တယ်။ လူသတ်မှုက ထောင်ဒဏ် ခုနစ်နှစ်က စတာဆိုတော့ ပြစ်မှုလျော့နည်းအောင် ပြုလုပ်တာတွေဖြစ်မလာအောင် ဒီဥပဒေက သေဒဏ်ထည့်သွင်းခြင်း မပြုတာပါ” ဟု ပြောကြားသည်။ 

ရာဇသတ်ကြီးကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား သြဂုတ် ၁၀ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂) မှ ဦးအောင်သိန်းက အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးနိုင်ရန် အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ဦးအောင်သိန်းက ဥပဒေကြမ်း တင်သွင်းရခြင်း၏ ရည်ရွယ်ချက်မှာ ကိုလိုနီခေတ် နှစ် ၁၅၀ ကျော်က အတည်ပြုကျင့် သုံးထားသော The Penal Code ရာဇသတ်ကြီးပုဒ်မ ၃၇၆ ပါ မုဒိမ်းမှုအတွက် ပြစ်ဒဏ် (punishment for rape) တို့မှာ ယင်းအချိန်က လူနေမှုစရိုက်အပေါ် မူတည်ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း၊ ယနေ့လူနေမှု စနစ်၊ ယဉ်ကျေးမှု၊ လူဦးရေတိုးမြင့်လာမှု၊ ပတ်ဝန်းကျင်အခြေအနေ၊ အသိပညာ ဗဟုသုတနည်းပါးမှု၊ ဆင်းရဲမွဲတေမှု၊ ဘဝမလုံခြုံမှုစသည့် အခြေအနေများကြောင့် သက်ငယ်မုဒိမ်းမှုများ တိုးပွားလာနေသည့်အတွက် လူမှုပတ်ဝန်းကျင်ကို ခြိမ်းခြောက်လာနေသကဲ့သို့ ဖြစ်နေသည့်အတွက် ထိန်းချုပ်ဟန့်တားနိုင်ရေးအတွက် ပြစ်ဒဏ်တိုးမြှင့်ရန် ပြင်ဆင်သည့် ဥပဒေကြမ်းကို တင်သွင်းရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

Eleven Media Group

0 comments:

Post a Comment