Saturday, December 1, 2018

ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ထားသည့် ပါရီဂုဏ်ထူးဆောင် လွတ်လပ်ရေးဆုကို ရုပ်သိမ်းမည်ဟု ပါရီမြို့တော်ဝန်ရုံးက ပြောကြား

မြန်မာနိုင်ငံ၏ လူနည်းစုဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟုဖော်ပြထား) မွတ်စလင်များကို ဖြိုခွင်းမှုနှင့်ပတ်သက်၍ပွင့်ပွင့်လင်းလင်းပြောဆိုရန် ပျက်ကွက်ခဲ့သောကြောင့် ပါရီမြို့တော်က ဒေါ်အောင်ဆန်းစုကြည်၏ ပါရီဂုဏ် ထူးဆောင်လွတ်လပ်ရေးဆုကို ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့တော်ဝန်ရုံး၏ ပြောရေးဆိုခွင့်ရ အမျိုးသမီးက နိုဝင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ 
လူနည်းစုဘင်္ဂါလီတို့ကို မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ အကြမ်းဖက်နှိပ်ကွပ်ခြင်းကြောင့် လည်းကောင်း၊ မြန်မာနိုင်ငံတွင်မှတ်တမ်းတင်ခဲ့သည့် အကြိမ်ကြိမ်လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့်လည်းကောင်း ဂုဏ်ထူးဆောင် ဆုကိုပြန်လည်ရုပ်သိမ်းရန် မြို့တော်ဝန် အန်းဟီဒယ်လ်ဂိုက ဆုံးဖြတ်ခဲ့သည်ဟု ပြောရေးဆိုခွင့်ရ အမျိုးသမီးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။ 

ဂလပ်စဂို၊ အီဒင်ဘတ်နှင့် အောက်စ်ဖို့ဒ်တို့၏ အလားတူဆုံးဖြတ်ချက်များအတိုင်း လုပ်ဆောင်ခဲ့သော ယခုလုပ်ရပ်ကြောင့် မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သန့်ရှင်းသောဆုဖြစ်သည့် ပြင်သစ်မြို့တော်၏ လွတ်လပ်ရေးဆုကိုဆုံးရှုံးသည့် ပထမဦးဆုံးပုဂ္ဂိုလ်ဖြစ်လာလိမ့်မည်ဖြစ်သည်။ မြို့တော်ကောင်စီ၏ ဒီဇင်ဘာလလယ်အစည်းအဝေးတွင် ဆုရုပ်သိမ်းမှုကို အပြီးသတ်ဆောင်ရွက်သွားလိမ့်မည်ဟု ပြောရေးဆိုခွင့်ရအမျိုးသမီးက ပြောကြားခဲ့သည်။ 

မြန်မာစစ်အစိုးရကို အတိုက်အခံလုပ်ခြင်းအား ဦးဆောင်ခဲ့သည့်အတွက် နယ်လ်ဆင်မန်ဒယ်လားကဲ့သို့ ဒီမိုကရေစီစံပြပုဂ္ဂိုလ်အဖြစ် တစ်ချိန်ကဂုဏ်ပြုခံခဲ့ရသည့် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိကအားဖြင့် ဘင်္ဂါလီမွတ်စလင်များ ဖြိုခွင်းခံရခြင်းနှင့်ပတ်သက်၍ အရေးယူရန် ပျက်ကွက်ခဲ့သည့်အတွက် အနောက်နိုင်ငံများအကြားတွင် လူကြိုက်များမှု ကျဆင်းခဲ့သည်။ လွန်ခဲ့သောနှစ်က ပဋိပက္ခကြောင့် ဘင်္ဂါလီ ၇၀၀၀၀၀ ကျော်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။ 

လူသတ်မှု၊ မုဒိမ်းမှု၊ ညှဉ်းပန်းမှု၊ မီးရှို့မှု စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည့် အထောက်အထားကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့ကတွေ့ရှိခဲ့ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားအပေါ် ရာဇဝတ်မှုတို့အတွက် မြန်မာထိပ်တန်းဗိုလ်ချုပ်များကို တရားစီရင်ရန် တောင်းဆိုခဲ့သည်။ 

မြို့တော်ဝန်သည် လွန်ခဲ့သောနှစ်တွင် ၎င်း၏ ပူပန်မှုကိုဖော်ပြရန် ဒေါ်အောင်ဆန်းစုကြည်ထံ စာရေးခဲ့သည်ဟု ဟီဒယ်လ်ဂို၏ရုံးက ထုတ်ဖော်ပြောကြားခဲ့ပြီး လူနည်းစုဘင်္ဂါလီတို့၏ အခွင့်အရေးများကိုလေးစားရန် တောင်းဆိုခဲ့သော်လည်း ပေးစာကို ပြန်လည်ရှင်းလင်းခြင်း မရှိခဲ့ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်တွင် မြန်မာစစ်တပ်ကိုထိန်းချုပ်နိုင်သည့် ပါဝါမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံသူများက ပြောကြားခဲ့ကြ သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ဆုကိုလည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ Ambassador of Conscience Award ဆုကိုလည်းကောင်း အသီးသီးရုပ်သိမ်းခံခဲ့ရသည်။ 

Eleven Media Group
 

0 comments:

Post a Comment