Saturday, December 1, 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်ထားသော်လည်း တစ်ဖက်နိုင်ငံသို့ လူသုံးကုန်များနှင့် မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော် သယ်ယူနေမှုများရှိနေကြောင်း သိရ

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် လုံခြုံရေးတင်းကျပ်ထားသော်လည်း တစ်ဖက်နိုင်ငံသို့ လူသုံးကုန်ပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ နယ်စပ်ဖြတ်ကျော် သယ်ယူနေမှုများရှိနေကြောင်းနှင့် ဖမ်းဆီးရမိခြင်းများ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ 
နိုဝင်ဘာ၂၇ ရက် နံနက် ၂နာရီကျော်ခန့် တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက နတ်မြစ်အတွင်း လှည့်ကင်းဆောင်ရွက်စဉ် မောင်တောမြို့နယ်၊ နယ်မြေ(၄)၊ ကျောက်ချောင်းကျေးရွာအနီး ကမ်းစပ်၌ Laugf s တံဆိပ်ပါ 12 kgs ဂက်စ်အိုးတစ်လုံး၊ Gas Stove တံဆိပ်ပါ ဂက်စ်မီးဖိုတစ်လုံး၊ Energy Plus တံဆိပ်ပါ ဘီစကွတ် ၁၀ ထုပ်၊ Refined Petroleum တံဆိပ်ပါ ဂျယ်လီ ၁၀ ဘူး၊ Sagar တံဆိပ်ပါ 1 Kg နို့မှုန့် နှစ်ထုပ်၊ Aci Puer တံဆိပ်ပါ ပဲနီထုပ် ခြောက်ထုပ်၊ Chick Peas တံဆိပ်ပါ 2 kgs ကုလားပဲ သုံးထုပ်၊ Veola တံဆိပ်ပါ 2 Litter စားသုံးဆီ ငါးဘူး၊ ကျား မ ဝတ် အဝတ် ထုပ်တစ်ထုပ်၊ အဝါရောင်လက်ကောက် ၁၁ ကွင်း၊ Fenocap တံဆိပ်ပါ သောက်ဆေးရောရာ တစ်ထုပ်တို့ကို ပိုင်ရှင်မဲ့သိမ်းဆည်းရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ 

တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရန် သယ်ဆောင်သည့် စီးကရက်စက္ကူပုံးအကြီး ၁၀၀ ပုံးအား နိုဝင်ဘာ ၂၀ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်၊ နယ်မြေ(၄)ရှိ ဇီးပင် ချောင်းရဲကင်းစခန်းနှင့် ဇီးပင်ချောင်းလမ်းဆုံကြားရှိ ကားလမ်း၌ မောင်တောမြို့ဘက်မှ ဇီးပင်ချောင်းရွာဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း သိရသည်။ 

ဖမ်းဆီးရမိသူများအား စစ်မေးရာ မောင်တောမြို့နယ် ဖက်လိပ်ပြင်ကျေးရွာနေ သူ ဒီဒါအာမတ် (၃၉ နှစ်) (ဘ)ဟာဆောင်း အာလီက လာရောက်ယူဆောင်မည်ဖြစ်ကြောင်းနှင့် စီးကရက်ပုံးများအား တစ်ဖက်နိုင်ငံသို့ တရားမဝင်တင်ပို့ရန် သယ်ဆောင်လာကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။ 

ယင်းမတိုင်မီ နိုဝင်ဘာ ၁၀ ရက် နံနက် ပိုင်းက မောင်တောမြို့နယ်မြောက်ပိုင်း မင်္ဂလာညွန့်ကျေးရွာ အနောက်တောင်ဘက်လေး ဖာလုံခန့်အကွာ၌ သစ်ပင်ချုံနွယ်များဖြင့်ဖုံးအုပ်ထားသည့် စီးကရက်စက္ကူပုံးကြီး ၄၉ ပုံး နှင့် ၅၉ တောင့် ပိုင်ရှင်မဲ့ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

အလားတူ နိုဝင်ဘာ ၆ ရက်ကလည်း တမန်းသားကျေးရွာနှင့် မင်္ဂလာညွန့်ကျေးရွာကြားရှိ ပြူးမချောင်းအတွင်းရှိ ချုံအတွင်းမှ Marble တံဆိပ်ပါ ဆေးလိပ်စက္ကူပုံးအကြီး ၂၉ ပုံးနှင့် အလွတ် ၂၅ တောင့် စုစုပေါင်း တန်ဖိုးငွေကျပ် ၃၅၄၀၀၀၀ ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ယင်းမတိုင်မီ အောက်တိုဘာ၂၀ ရက် ည ၉ နာရီတွင် လုံခြုံရေးတပ်ဖွဲ့မှ နယ်မြေစိုး မိုးရေးလှည့်ကင်းဆောင်ရွက်နေစဉ် သက်ကိုင်ညာကျေးရွာမှ တမန်းသားကျေးရွာသို့ ပြူးမချောင်းရိုးအတိုင်း အထုပ်အပိုးများ သယ်ဆောင်လာသောအမျိုးသား ၁၀ ဦး (စိစစ်ဆဲ) အား တွေ့ရှိ၍ ရပ်တန့်ရန်ပြောဆို ရာ ရပ်တန့်ခြင်းမရှိသဖြင့် BA-63 သေနတ်ဖြင့် နှစ်ချက် သတိပေးပစ်ခတ်ခဲ့ရာ အထုပ်အပိုးများအား ပစ်ချထွက်ပြေးသွားသဖြင့်စစ်ဆေးခဲ့ရာ တစ်ဖက်နိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှပို့ဆောင်မည့် Marble တံဆိပ်ပါ စီးကရက်စက္ကူပုံးကြီး ၁၈ ပုံး၊ Man San တံဆိပ်ပါ စီးကရက်စက္ကူပုံးကြီးနှစ်ပုံး၊ စုစုပေါင်း တန်ဖိုးကျပ်၂,၃၆၀,၀၀၀ ခန့်အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နှစ်ဖက် နယ်ခြားစောင့်တပ် အချင်းချင်းညှိနှိုင်း၍ မြေပြင်လှည့်ကင်း ဆောင်ရွက်ခြင်းကို မိမိတို့နိုင်ငံအသီးသီးအတွင်းရှိ နယ်စပ်ခြံစည်းရိုးလမ်းအတိုင်းဆောင်ရွက်လျက်ရှိကြောင်း လည်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment