Saturday, December 1, 2018

နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ကျော်မှာ ကလေးသူငယ်များဖြစ်ပြီး ၎င်းတို့အနက် ကလေးသူငယ် နှစ်သန်းကျော်မှာ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရ

နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၃၀ ကျော်မှာ ကလေးသူငယ်များဖြစ်ပြီး ယင်းတို့အနက် ကလေးသူငယ်နှစ်သန်းကျော်မှာ ပဋိပက္ခများနှင့် ဆင်းရဲနွမ်းပါးစွာနေထိုင်နေရကြောင်း ယူနီဆက်ဖ်မှ ထုတ်ပြန်သောအချက်အလက်များအရသိရသည်။ 
ကလေးသူငယ်များသည် မြန်မာနိုင်ငံ လူဦးရေ ၅၃ သန်းအနက် ၃၄ ရာခိုင်နှုန်းရှိကြောင်း၊ ယင်းတို့အနက် ထက်ဝက်ထက်ပိုသော ကလေးများသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်နေရပြီး နေ့စဉ်ကလေးသူငယ်ပေါင်း ၁၀၀ မှ ၁၅၀ တို့မှာ အသက်ငါးနှစ်မတိုင်မီ သေဆုံးနေကြောင်း၊ ရာခိုင်နှုန်း ၅၀ သော ကလေးသူငယ်များမှာ ပညာမပြည့်စုံဘဲ ကြီးပြင်းနေရပြီး အသက် ငါးနှစ်မှ ၁၇ နှစ်အတွင်း ရှိ ကလေးသူငယ် ၁ ဒသမ ၂ သန်းမှာ အလုပ်လုပ်ကိုင်နေကြရာ ခန့်မှန်းခြေအားဖြင့် ၂ ဒသမ ၂ သန်းသော ကလေးသူငယ်များမှာ ပဋိပက္ခများနှင့်ရင်ဆိုင်နေရကြောင်း ယူနီဆက်ဖ်မှ သိရသည်။ 

အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန၏ ကလေးလုပ်သားစစ်တမ်းတွင် ကလေးကို အသက်ငါးနှစ်က ၁၇ နှစ် အပိုင်းအခြားရှိသူများကို လေ့လာခြင်းဖြစ်ပြီး ကလေးလုပ်သား သတ်မှတ်ချက်အရ အသက်ငါးနှစ်မှ ၁၇ နှစ် အတွင်း အန္တရာယ်ရှိ လုပ်ငန်းခွင်တွင် တစ်ပတ်အနည်းဆုံး တစ်နာရီအတွက် လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် အလုပ်စေခိုင်းခံရသည့်ကလေးများ၊ အသက်ငါးနှစ်မှ ၁၁ နှစ်အတွင်း တစ်ပတ်အနည်းဆုံး တစ်နာရီ လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် ခိုင်းစေခံရသည့် ကလေးများ၊ အသက် ၁၂ နှစ်မှ ၁၄ နှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်အတွက် တစ်ပတ် ၂၄ နာရီ ထက်ပိုပြီး နေ့ဆိုင်း၊ ညဆိုင်း ခိုင်းစေခံရသည့်ကလေး များ၊ အသက် ၁၅ နှစ်မှ၁ရနှစ်အတွင်း လုပ်ခ သို့မဟုတ် အကျိုးအမြတ်ရရှိရန် တစ်ပတ် ၄၄ နာရီထက်ပိုပြီးအလုပ်ခိုင်းစေခံရသည့် ကလေးများကို ကလေးလုပ်သားအဖြစ် သတ်မှတ်ထားကြောင်းနှင့် အခြားသော အလုပ်လုပ်နေသည့်ကလေးများကိုကလေးလုပ်သား အဖြစ် မရေတွက်ဘဲအလုပ်လုပ်နေသည့် ကလေးအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ 

စစ်တမ်းအရ မြန်မာနိုင်ငံတွင် ကလေးဦးရေအဖြစ် သတ်မှတ်ထားသည့် အသက် ငါးနှစ်မှ ၁၇ နှစ်အကြား လူဦးရေ ၁၂ သန်းခန့် ရှိပြီး အလုပ်လုပ်သည့် ကလေးတိုင်းကို ကလေးလုပ်သားအဖြစ် မသတ်မှတ်ထား ကြောင်း၊ ကလေးလုပ်သားဦးရေမှာ ကလေး စုစုပေါင်း၏ ကိုးရာခိုင်နှုန်းရှိပြီး ယင်းတို့ အနက် ၅၄ ဒသမ ၈ ရာခိုင်နှုန်းသည် အန္တရာယ်ရှိသည့်လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြကြောင်း နှင့် သစ်တော၊လယ်ယာကဏ္ဍများတွင် အများဆုံးလုပ်ကိုင်နေကြကြောင်း သိရသည်။ 

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း များအရ မြန်မာနိုင်ငံတွင် အသက် ၁၀ နှစ်မှ ၁၇ နှစ် အကြားရှိ ကလေးသူငယ် (၁ ဒသမ ၅ သန်း)ကျော် (ကလေးသူငယ်စုစုပေါင်း၏ ၂၁ ရာ ခိုင်နှုန်း) သည် အလုပ်လုပ်ကိုင်လျက်ရှိပြီး အလယ်တန်းအဆင့် ကျောင်းနေအရွယ် ကလေးငယ်ထက်ဝက်ကျော်သည် ကျောင်း မှ နုတ်ထွက်လျက်ရှိရာ အများစုမှာအလုပ်လုပ်ရန် ကျောင်းထွက်ခြင်းဖြစ်ကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment