Thursday, December 27, 2018

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုမည့်သူ ယခင်နှစ်ထက် နှစ်ဦးတိုး

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာ စာဘာသာရပ် ဖြေဆိုမည့်သူ တစ်နိုင်ငံလုံး၌ သုံးဦးရှိပြီး ယခင်နှစ် ထက် နှစ်ဦးတိုးလာသည်ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။ 
ပြီးခဲ့သည့် ၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုသူ တစ်ဦးသာရှိပြီး ၎င်းသည်လည်း နှစ်စဉ် ဖြေဆိုနေကျ ရန်ကုန်တိုင်းဒေသ ကြီး စမ်းချောင်းမြို့နယ်မှ ကျောင်းသူဖြစ်သည်။ ယခုနှစ်တွင်လည်း ထိုကျောင်းသူက ဆက်လက်ဖြေ ဆိုမည် ဖြစ်သည်။ 

ထို့ပြင် ယခုနှစ်တွင် မန္တလေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှ စိတ်ကြိုက်မြန်မာစာဘာသာရပ် ဖြေဆိုရန် နှစ်ဦးစာရင်းပေးသွင်းထားပြီး နှစ်ဦးလုံးသည် တက္ကသိုလ်ဝင် စာမေးပွဲကို ယခုနှစ်မှ စတင်ဖြေဆိုမည့်သူများဖြစ်သည်ဟု ဦးမျိုးညွန့်က ဆိုသည်။ ‘‘ဖြေနေကျသူက တစ်ယောက်၊ နောက်ထပ် အသစ်က နှစ်ယောက်၊ သုံးယောက်ဖြစ်သွားပြီ။ အရင်နှစ်ထက် ဖြေတဲ့သူ အသစ်နှစ်ယောက် တိုးလာတာဆိုတော့ စိတ်ကြိုက်မြန်မာစာဖြေတဲ့ အတွက်ကြောင့် အားပေးပါ တယ်’’ဟု ၎င်းကပြောသည်။ 

မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုရန် ကျောင်းသား၊ ကျောင်းသူ ၈၉၀,၀၀၀ ကျော်ရှိသည့်အနက် စိတ်ကြိုက်မြန်မာစာ ဘာသာရပ် ဖြေဆိုမည့်သူ သုံးဦးသာ ရှိနေခြင်း ဖြစ်သည်။ 

တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲနှင့် ဇီဝဗေဒ၊ ရူပဗေဒ၊ဓာတုဗေဒ ဘာသာရပ်များပါဝင် သည့် ဘာသာတွဲများကို နှစ်စဉ် ဖြေဆိုသူ များသည်။ 

အခြေခံပညာရေး၏ အထက်တန်းအဆင့်တွင် သင်ယူနိုင်သည့် ဘာသာတွဲ ရှစ်ခုရှိသော်လည်း ပညာသင်နှစ်တိုင်းတွင် ပထ၀ီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲကို ရွေးချယ်သူနည်းခြင်းကြောင့် ပညာရေးဟန်ချက် မညီမှုများ ဖြစ်ပေါ်နေကြောင်း ပညာရေးအသိုင်းအ၀ိုင်း မှ ပညာရှင်များ၏ လေ့လာသုံးသပ်မှုများလည်း ရှိသည်။ 

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၆ ရက်တွင် မြန်မာစာ၊ ၇ ရက်တွင် အင်္ဂလိပ်စာ၊ ၈ ရက် တွင် သင်္ချာ၊ ၉ ရက်တွင် စိတ်ကြိုက်မြန်မာစာ၊ ၁၁ ရက်တွင် ဓာတုဗေဒ၊ ၁၂ ရက်တွင် ရူပဗေဒ၊ ၁၃ ရက်တွင် ဇီဝဗေဒနှင့် ဘောဂဗေဒ၊ ၁၄ ရက်တွင် ပထ၀ီဝင်၊ ၁၅ ရက်တွင် သမိုင်းဘာသာရပ်များ ဖြေဆိုရမည်ဖြစ်သည်။ 

ယခင်နှစ်က စိတ်ကြိုက်မြန်မာစာ သာသာရပ်ကို ဓာတုဗေဒ ဘာသာရပ်နှင့် တစ်ရက်တည်း စစ်ဆေးသော်လည်း ယခုနှစ်တွင် မတ်လ ၉ ရက်၌ စိတ်ကြိုက်မြန်မာစာဘာသာရပ်ကို သီးခြားဖြေဆိုရမည် ဖြစ်သည်။

7Day

0 comments:

Post a Comment