Saturday, December 1, 2018

ရွှေတိဂုံစေတီတော်၏ ရွှေစင်ပြား ၃၉၂၁ ချပ် အရည်အသွေးအစစ်အမှန်ပေါ်ပေါက်စေရေး တတိယ အဖွဲ့အစည်းတစ်ရပ်ဖွဲ့စည်းရန် ပညာရှင်များအား ဝန်ကြီးဌာန ဖိတ်ခေါ်

ရွှေတိဂုံစေတီတော်၏ ကြာမှောက်ကြာလှန် ဧရိယာတွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြား ၃၉၂၁ ချပ် အရည်အသွေး အစစ်အမှန်ပေါ်ပေါက်စေရေး တတိယအဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းရန် ပညာရှင်များအား ဖိတ်ခေါ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက နိုဝင်ဘာ ၂၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ 
ရွှေတိဂုံစေတီတော်၏ ကြာမှောက် ကြာလန်တွင် ကပ်လှူပူဇော်ထားသော ရွှေစင်ပြားများသည် ၂၀၀၉ ခုနှစ်က ကပ်လှူပူဇော်ခြင်း ဖြစ်ပြီး ထိုစဉ်က ရွှေပါဝင်မှု ၉၈ ရာခိုင်နှုန်းဟု သိရှိရကာ အဆိုပါရွှေစင်ပြား ၃၉၂၁ ချပ်မှ ရွှေစင်ပြားကိုးချပ်အား ပညာရှင်အချို့က အရည်အသွေးစစ်ဆေးရာတွင် ၉၈ ဒသမ ၉၁ ရာခိုင်နှုန်း ရလဒ်ထွက်ပေါ်ခြင်းသည် မူလရှိပြီးသား ရွှေပါဝင်မှု ရာခိုင်နှုန်းထက် ပိုမိုနေကြောင်း စစ်ဆေးတွေ့ရှိသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။ 

၎င်းရွှေစင်ပြားများသည် သဘာဝအရ ရေ၊ လေ၊ နေ၊ မိုးဒဏ်များ ကိုးနှစ်ခန့်ကြာ ထိတွေ့ခံစားပြီးမှ မူလအရည်အသွေးထက် သာလွန်ကောင်းမွန်သည့် ရလဒ်မှာ သတိပြုစဉ်စားရမည့် အချက်တစ်ချက်ဖြစ်ကြောင်း သုံး သပ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်မှုအရ သိရသည်။ 

ထို့ကြောင့် အဆိုပါရွှေစင်ပြား ၃၉၂၁ ချပ်၏ အရည်အသွေး အစစ်အမှန် ပေါ်ပေါက်စေရန် တတိယအဖွဲ့အစည်းတစ်ရပ် (Third Party) ဖွဲ့စည်းစစ်ဆေးနိုင်မှသာ ပကတိအရှိအတိုင်း ရလဒ်မှန် ထွက်ပေါ်လာ နိုင်မည်ဖြစ်ကြောင်းနှင့် ရွှေစင်ပြားများ၏ အရည်အသွေးမှန်ကန်စွာ စစ်ဆေးနိုင်ရန် အတွက် ဌာနဆိုင်ရာများ၏ သမာသမတ်ကျသော ပညာရှင်များနှင့် အများပြည်သူထဲမှ ကုသိုလ်ယူဆောင်ရွက်လိုသည့် ပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။ 

ယင်းကြောင့် ရွှေစင်ပြားစစ်ဆေးရေးအဖွဲ့တွင် စိတ်ပါဝင်စားသူ ကုသိုလ်ယူဆောင်ရွက်လိုသည့် ပညာရှင်များအား သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဖိတ်ခေါ်ပါကြောင်းနှင့် ဆက်သွယ်စာရင်းပေးနိုင်ပါကြောင်း အဆိုပါထုတ်ပြန်ချက်အရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment