Saturday, December 1, 2018

ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် ပုဂ္ဂလိက YBS ယာဉ်လိုင်းအများစု အဲကွန်းမဖွင့်ခြင်းနှင့် စပယ်ယာခိုးတင်ခြင်း အပါအဝင် စည်းကမ်းချိုးဖောက်မှုများပြားနေသဖြင့် YRTA က စိစစ်အရေးယူမည်


ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ပုဂ္ဂလိက YBS ယာဉ်လိုင်းအများစု အဲကွန်းမဖွင့်ဘဲမောင်းနှင်ခြင်းနှင့် စပယ်ယာခိုးတင် မောင်းနှင်ခြင်း အပါအဝင် စည်းကမ်းချိုးဖောက်မှု များပြားနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကွဲမှု အာဏာပိုင်အဖွဲ့ (YRTA)က စိစစ် အရေးယူမည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ 
အများပိုင်အဖြစ် ပြောင်းလဲခြင်းမရှိသေးဘဲ ပုဂ္ဂလိကယာဉ်ဖြင့် ပြေးဆွဲနေသည့် YBS ယာဉ်အများစုအနေဖြင့် YRTA က ချမှတ်ထားသည့် ခရီးသည်ပြည်သူများအတွက် အဲကွန်းဖွင့်မောင်းနှင်ရမည့် ဝန်ဆောင် မှုများကိုမပြုလုပ်ကြောင်း၊ ယာဉ်တွင် စပယ်ယာခိုးတင်ခြင်း၊ သတ်မှတ်ယာဉ်ထွက်ချိန်များကို မလိုက်နာခြင်း၊ ယာဉ်၏ဥပဓိရုပ်များကို ဆန်းစစ်လျက်ရှိပြီး သတိပေးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ 

“အခုချိန်မှာ စည်းကမ်းဖောက်တဲ့သူတွေက တအားများလာတယ်လေ။ အထူးသဖြင့် ပုဂ္ဂလိက ယာဉ်လိုင်းတွေပါပဲ။ ဒါ့အပြင် ဝန်ဆောင်မှုကလည်း အဲကွန်းလုံးဝမဖွင့်တော့ဘဲနဲ့ စပယ်ယာခိုးတင်တာတို့ဘာတို့ ရှိနေတော့ အဲဒီဟာတွေကို ဆရာတို့က လိုင်းအလိုက်ကို လုပ်နေပြီ။ ပြီးရင်တော့ ဆရာတို့ ထုတ်ပြန်မှာပါ။ အများစုက ပုဂ္ဂလိကယာဉ်လိုင်းတွေက ဆရာတို့ပြောထားတဲ့ ဝန်ဆောင်မှုမပေးဘူး”ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားသည်။ 

ဆက်လက်၍ ဒေါက်တာမောင်အောင်က “အခုက လိုင်းတွေအားလုံးကို ဆရာတို့က သူတို့ပေးတဲ့ ဝန်ဆောင်မှုတို့၊ ကားရဲ့ဥပဓိရုပ်တို့နဲ့ကားရဲ့စည်းကမ်းလိုက်နာမှုတွေကို ဆရာတို့က ဆန်းစစ်နေတာပါ။ ဆန်းစစ်ပြီးရင် အညံ့ဆုံးဆိုတဲ့သူတွေကိုတော့ ဆရာတို့သတိပေးပြီးတော့ အရေးယူသွားမှာပါ။ ထုတ်ပယ်တာတော့ မဟုတ်ဘူး” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။ 

အဆိုပါ ပုဂ္ဂလိက ယာဉ်လိုင်းအများစု တွင် ဝန်ဆောင်မှုအနေဖြင့် ကားအဲကွန်းဖွင့်၍ မောင်းနှင်မှုမရှိ ခြင်း၊ ခရီးသည်ယာဉ်ပြေးဆွဲ ရန်သတ်မှတ်ထားသည့် ည ၈ နာရီအထိ ပြေးဆွဲခြင်းမရှိဘဲ အများစုမှာ ညနေ ၆ နာရီအထိ သာ ပြေးဆွဲနေမှုများကို တွေ့ရှိကြောင်း ဒေါက်တာမောင်အောင်က ဆက်လက်ပြောကြားသည်။ 

“အဲကွန်းမဖွင့်တဲ့ကားတွေ အများကြီးရှိ ပါတယ်။ တာမွေဗလီမှတ်တိုင်နားကနေ ပုဇွန်တောင်တို့၊ မြို့ထဲတို့သွားတဲ့ တချို့ကားတွေဆိုရင် အဲကွန်းမဖွင့်ဘူး။ ပြီးတော့ ကားမှာ စပယ်ယာတွေလည်း ပါတယ်။ ပိုက်ဆံတော့ မကောက်ပါဘူး။ အရင်တုန်းကလို ဘယ်မှတ်တိုင်ရောက်မယ်ဆိုပြီးတော့ အော်တာပဲရှိတယ်။ အခုရာသီဥတုကပူတော့ အဲကွန်းမဖွင့်ထားတဲ့ ကားတွေစီးရတာ အဆင်မပြေဘူး” ဟု YBS ခရီးသည်ယာဉ်စီးသည့် ကုမ္ပဏီဝန်ထမ်း မသဇင်လှိုင်က ပြောကြားသည်။ 

မထသစနစ်မှ YBS စနစ်သို့ပြောင်းလဲပြီးနောက် လက်ရှိတွင် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းပေါင်း ၁၀၀ ရှိပြီး ယာဉ်အစီးရေ ၆၀၀၀ ကျော်ဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

YBS စနစ်တွင် အများပိုင်ကုမ္ပဏီများမှာ YBPC ၊ YUPT ၊ ဗန္ဓုလ၊ Omni Focus ၊ လူထုမိတ်ဆွေ၊ Power Eleven ၊ ရွှေတောင်ပိုင်းခရိုင်၊ ကုန်းဘောင်ရန်ကုန်၊ Trans Link ၊ အမြင့်မြတ်ဆုံးအင်အား၊ စံဝေလ၊ ရွှေပြည်သာသား၊ ရွှေလမ်းခင်း၊ RCBT ၊ GYCT ၊ Aero Star စုစုပေါင်းကုမ္ပဏီ ၁၇ ခုဖြင့် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment