Saturday, December 1, 2018

အောင်ရဲထွေးအမှု ရုပ်သိမ်းပေးရန် ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအား ကျပ်သိန်း ၁၅၀ ပေးရာတွင် ဦးဟန်ထူးနှင့်ခင်မင်သူ ဆောက်လုပ်ရေးလုပ်ငန်းရှင်မှတစ်ဆင့် ပေးခဲ့ခြင်းဖြစ်ကြောင်း တရားလိုထွက်ဆို


အောင်ရဲထွေးအမှု ရုပ်သိမ်းပေးရန် ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအား သန်းထွဋ်အောင်၏ ဖခင်က ကျပ်သိန်း ၁၅၀ ပေးရာတွင် ဦးဟန်ထူးနှင့်ခင်မင်ရင်းနှီးသူ ဆောက်လုပ်ရေး လုပ်ငန်းရှင်မှ တစ်ဆင့်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားလိုဦးမိုးနိုင်က နိုဝင်ဘာ ၃၀ ရက်ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။ 
ဦးဟန်ထူးအပါအဝင် ငါးဦးအား နိုဝင် ဘာ ၃၀ ရက်တွင် ရဲသီးသန့် အချုပ်ယာဉ်ဖြင့် ရုံးထုတ်ခဲ့ပြီး တရားစွဲခံရသူများကို ပုံမှန်အတိုင်း ထီးဖြင့်ကွယ်မှုများရှိခဲ့ပြီး ရုံးချိန်းတွင် တရားလိုက ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးအား ကျပ် သိန်း ၁၅၀ အားပေးရာ၌ သန်းထွဋ်အောင် ၏ဖခင်က ဦးဟန်ထူးနှင့် ခင်မင်ရင်းနှီးသည့် ပုဇွန်တောင်မြို့နယ်နေ ဆောက်လုပ်ရေး လုပ်ကိုင်သူ တစ်ဦးဖြစ်သည့် ဦးမောင်မောင်လတ်မှတစ်ဆင့်ပေးခဲ့ခြင်းဖြစ်ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ 

ဦးမောင်မောင်လတ်မှာ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူး၏ ဇနီးအား ဇွန် ၂၅ ရက်တွင် ဖုန်းဆက်ကာ ဦးဟန်ထူးနှင့် တွေ့ဆုံလိုကြောင်းပြောဆိုပြီး နောက်နေ့တွင် ဦးဟန်ထူး၏ နေအိမ် သို့ သွားရောက်ခဲ့ကြောင်း၊ ရောက်သည့်အချိန်တွင် ဦးဟန်ထူးမှာ နေအိမ်တွင်မရှိသဖြင့် ဦးဟန်ထူး၏ ဇနီးဖြစ်သူနှင့် တွေ့ဆုံ ပြီး သန်းထွဋ်အောင် အမှုတွဲရုပ်သိမ်းခွင့် တင်ပြထားမှု ဦးဟန်ထူးထံသို့ရောက်လျှင် ကူညီပေးရန်ပြောဆိုခဲ့ကြောင်း၊ ထိုသို့ပြောဆိုချိန်တွင် ဦးဟန်ထူး၏ ဇနီးဖြစ်သူက ဥပဒေ ဘောင်အတွင်းမှလုပ်ပေးမည်ဟု ဦးမောင်မောင်လတ်အား ပြန်လည်ပြောဆိုခဲ့သည့် အကြောင်းအရာများကို တရားလိုဖြစ်သူက တရားခွင်တွင် ထွက်ဆိုခဲ့သည်။ 

တရားလိုဦးမိုးနိုင်က ဆက်လက်၍ ဇူလိုင် ၆ ရက် ညပိုင်းတွင် ဦးမောင်မောင်လတ်က သန်းထွဋ်အောင်ဖခင် ပေးထားသည့် ကျပ်သိန်း ၁၅၀ အားယူပြီး ဦးဟန်ထူး၏ နေအိမ်သို့သွားကာ စက္ကူပုံးဖြင့်ထည့်ထားသည့် ကျပ်သိန်း ၁၅၀၊ ငှက်သိုက်အနီရောင်၊ ယိုးဒယားကိတ်မုန့်တို့အား ဦးဟန်ထူး၏ဇနီးထံ သို့ပေးခဲ့ကြောင်း တရားခွင်တွင် ထွက်ဆိုခဲ့သည်။ 

ထို့နောက် အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုဥပဒေအရာရှိဟောင်း ဒေါ်သစ်သစ်ခင်က သန်းထွဋ်အောင်ဖခင်အား ဇူလိုင် ၉ ရက်တွင် တိုင်းဥပဒေချုပ်ရုံးမှ အမှုရုပ်သိမ်းလွှာကို ပေးပြီးပြီဖြစ်ကြောင်းနှင့် အမှုစစ်တရားသူကြီး ဦးအောင်ကြည်အား ကျပ်သိန်း ၅၀၀ ပေးရန် ပြောဆိုချိန်တွင် သန်းထွဋ်အောင်၏ ဖခင်က ကျပ်သိန်း ၅၀၀ အား ဈေးလျှော့ပေးရန်ပြောသဖြင့် ၎င်းတို့နှစ်ဦးမှာ ကျပ်သိန်း ၃၀၀ ဖြင့် သဘောတူခဲ့ကြောင်း၊ ခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးအား ကျပ်သိန်း ၁၀၀ နှင့် ၎င်းအတွက် ကျပ်သိန်း ၁၀၀ ပေး ရန် ဒေါ်သစ်သစ်ခင်က ပြောဆိုခဲ့ကြောင်း တရားလိုက တရားခွင်တွင် ထွက်ဆိုခဲ့သည်။ 

ခရိုင်ဥပဒေအရာရှိဟောင်း ဦးကိုကိုလေးအား သန်းထွဋ်အောင်၏ဖခင်က ဇူလိုင် ၁၃ ရက်တွင် ရုံးခန်းသို့သွားပြီး Gold Label တစ်လုံးနှင့် ကျပ်သိန်း ၁၀၀ ပေးခဲ့ကြောင်း တရားခွင်တွင် တရားလိုမှထွက်ဆိုခဲ့ပြီး လာမည့်ရုံးချိန်းတွင် အဆိုပါအကြောင်းအရာများနှင့်ပတ်သက်ပြီး တရားလိုအား ထပ်မံ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ ရုံးချိန်းအား ဒီဇင်ဘာ ၇ ရက်သို့ ပြန်လည်ချိန်းဆို ထားပြီး ယင်းနေ့ရုံးချိန်းတွင် ဦးမိုးနိုင်အား ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

အောင်ရဲထွေးအမှုတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ်ဟောင်း ဦးဟန်ထူးမှာ ကျပ်သိန်း ၁၅၀၊ Blue Label တစ်လုံး၊ အင်္ကျီတစ်ထည်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေးက ကျပ်သိန်း ၁၃၀၊ Gold Label တစ်လုံး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှာ ကျပ်သိန်း ၃၀၊ ပါတိတ်လုံချည်တစ်ထည်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၀၀၊ ရဲအုပ် ချစ်ကိုကိုက ကျပ်သိန်း ၃၀၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ရယူခဲ့သည်ဟု အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားသည်။ 

ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သမ္မတအိမ်တော်တွင် ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌတို့အား ခေါ်ယူတွေ့ဆုံခဲ့ပြီး အောင်ရဲထွေးအမှု ရုပ်သိမ်းခြင်း၏ နောက်ခံအကြောင်းရင်းများ၊ အခြားဆက်နွှယ်ပတ်သက်မှုများနှင့် စပ်လျဉ်း၍ တိတိကျကျစိစစ်ပြီး ဥပဒေနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ 

ယင်းသို့မှာကြားအပြီးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ကျော်စောသတင်းအဖြစ်သတ်မှတ်ပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စစ်ဆေးရာမှ တံစိုးလက်ဆောင်ရယူမှုများ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ 

အောင်ရဲထွေးအမှုတွင် လာဘ်ငွေရယူခြင်းကြောင့် အမှုဖွင့်ဖမ်းဆီးခံရသည့် ရန်ကုန်တိုင်းဥပဒေချုပ်ဟောင်း ဦးဟန်ထူးမှာ တိုင်းအစိုးရအဖွဲ့တွင် အင်္ဂါစဉ် ၁၁ ရှိသည်။ 

Eleven Media Group

0 comments:

Post a Comment