Saturday, December 1, 2018

မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှုစီမံကိန်းဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းရယူရန် ပြည်ထောင်စုလွှတ်တော် အတည်ပြု

မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှု စီမံကိန်းဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်းရယူရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုခဲ့သည်။ 
နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့က မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေး စင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန်အတွက် ထိုင်းနိုင်ငံ Neighbouring Countries Economic Development Cooperation Agency - NEDA ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၃ သန်း ရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ နေပြည်တော်၌ နိုဝင်ဘာ ၂၉ ရက်ကပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်း အဝေး ပဉ္စမနေ့တွင် သက်ဆိုင်ရာဝန်ကြီးဌာနများက ရှင်းလင်းဆွေးနွေးကာ ပြည်ထောင်စု လွှတ်တော်အဆုံးအဖြတ် ရယူအတည်ပြုခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါချေးငွေဖြင့် မြဝတီမြို့ ရေပေးဝေရေးစနစ် အဆင့်မြှင့်တင်ခြင်း စီမံကိန်း တန်ဖိုးတွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ သန်း၊ အမှိုက်စွန့်ပစ်စနစ်အဆင့်မြှင့်တင်ခြင်း စီမံကိန်းတန်ဖိုးတွင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ သန်း၊ Public Awareness Programs များ ဆောင်ရွက်ရန်နှင့် မြဝတီမြို့တွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းနှင့် စီမံကိန်းအကောင်အထည်ဖော်မည့် ကာလအတွင်း ကုန်ကျမည့် Financing Charges များ၊ အခြားကုန်ကျစရိတ်များအတွက်လည်း ချေးငွေကို ကျခံသုံးစွဲသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။ 

ထို့ပြင် မြဝတီမြို့နှင့် မဲဆောက်မြို့တို့တွင် စီးပွားရေးကုန်သွယ်မှုဇုန်နှင့် စက်မှုဇုန်များထူထောင်၍ မြန်မာ-ထိုင်း နယ်စပ်ဒေသ ဘက်ညီမျှဖွံ့ဖြိုးစေရန် Joint Spatial Development Plan စီမံကိန်းပုံစံအား ရေးဆွဲပေးခြင်းအတွက် ADB ချေးငွေမှ အမေရိကန် ဒေါ်လာ ၀ ဒသမ ၉သန်း သုံးစွဲသွားမည်ဖြစ်ပြီး ဖွံ့ဖြိုးမှုစီမံကိန်းကြောင့် မြဝတီမြို့တွင် မြို့ပြပြိုင်ဆိုင်မှု မြင့်တက်လာခြင်း၊ အခြေခံ မြို့ပြဝန်ဆောင်မှုများ တိုးတက်လာခြင်း၊ မြို့ပြစီမံခန့်ခွဲမှု စွမ်းရည်မြင့်တက်လာခြင်း၊ လက်ရှိရေပေးဝေရေး ပမာဏထက် ပိုမိုရေပေးဝေနိုင်ခြင်း၊ ရေလေလွင့်မှု လျော့နည်းစေခြင်း၊ ရေခွန်ရေခများ ပိုမိုကောက်ခံနိုင်ခြင်း၊ နိုင်ငံတကာအဆင့်မီ ၂၄ နာရီ ဖြန့်ဖြူးပေးနိုင်ခြင်း၊ မြဝတီမြို့၏ အမှိုက်စွန့်ပစ်မှုစနစ်အား စနစ်တကျ ခွဲခြားသိမ်းဆည်းနိုင်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုနှင့် ဒေသနေ ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုတို့ကို လျှော့ချနိုင်ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။ 

အဆိုပါချေးငွေသည် ကရင်ပြည်နယ် နှင့် မွန်ပြည်နယ်တို့တွင် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းတစ်လျှောက်ရှိမြို့များ ဖွံ့ဖြိုးမှုစီမံကိန်း ဆောင်ရွက်ရန်အတွက် အာရှဖွံ့ဖြိုးရေးဘဏ် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ နှင့် ပူးတွဲဘဏ္ဍာဖြည့်ဆည်းသည့် ချေးငွေတစ်ခုဖြစ်ပြီး ADB ချေးငွေဖြင့် ကရင်ပြည်နယ် ဘားအံမြို့ နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင်လည်းကောင်း၊ NEDA ချေးငွေဖြင့် ကရင်ပြည်နယ် မြဝတီမြို့တွင်လည်းကောင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။ 

ADB ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၈၀ ရယူ၍ ဆောင်ရွက်မည့်ကိစ္စကို ၂၀၁၈ ခု နှစ် မတ် ၁၉ ရက်တွင်ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့တွင် အတည်ပြုခဲ့ပြီး ADB နှင့် ချေးငွေစာချုပ်အား ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်က လက်မှတ်ရေးထိုးပြီးဖြစ်ကာ NEDA အဖွဲ့အစည်းသည် ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာန၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သိရသည်။ 

NEDA ၏ ချေးငွေဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များသည် ဆိုင်ငံ့ကာလ ၁၀ နှစ်၊ ပြန်ဆပ်ကာလ နှစ် ၂၀၊ စုစုပေါင်းချေးငွေ သက်တမ်း နှစ် ၃၀ ဖြစ်ပြီး အတိုးနှုန်းသည် တစ်နှစ်လျှင် ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ကာ စီမံခန့်ခွဲမှုစရိတ်အဖြစ် ချေးငွေပမာဏ၏ ၀ ဒသမ ၁၅ ရာခိုင်နှုန်းကို တစ်ကြိမ်တည်းပေး ချေရမည်ဖြစ်ကြောင်း၊ စီမံကိန်းကာလသည် ၂၀၁၉ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ ခြောက်နှစ်ဖြစ်ပြီး အဆိုပါချေးငွေဖြင့် မဟာမဲခေါင်ဒေသခွဲ အရှေ့အနောက် စီးပွားရေးစင်္ကြံလမ်းပေါ်ရှိ ကရင်ပြည်နယ် မြဝတီမြို့တွင် ဖွံ့ဖြိုးမှု စီမံကိန်းများဖြစ်သော ပြည်သူတို့အတွက် ရေကောင်းရေသန့်နှင့် ရေလုံလောက်စွာ ရရှိနိုင်ရေး၊ စွန့်ပစ်ပစ္စည်းများနှင့် အမှိုက်များ စီမံခန့်ခွဲမှု စနစ်ကောင်းမွန်ရေး၊ ရှေးဟောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရေးစသည့် လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် မြို့ပြဖွံ့ဖြိုးရေးအတွက် လိုအပ်သောအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေခြင်းမှတစ်ဆင့် ဒေသခံပြည်သူတို့၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးစေနိုင်ခြင်း အကျိုးကျေးဇူးရရှိမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုလွှတ်တော်သို့ တင်ပြချက်အရ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment