Wednesday, December 26, 2018

ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကို ဆောင်​ရွက်​မည်


ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ကမ္ဘာ့ဘဏ်ချေးငွေဖြင့်​ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းအား အကောင်​အထည်​ဖော်​ဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန မှသိရသည်​။ 
အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်းကိုကမ္ဘာ့ဘဏ် ချေးငွေ အမေရိကန်ဒေါ်လာသန်း ၃၁၀ ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ပထမအဆင့်အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင် အတွင်း ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကြောင်းလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်​။ 

“ပထမအဆင့်စာရင်းပါ ကျေးရွာ ၅၀၈၀ ရွာအတွက် လိုအပ်တဲ့ ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding – ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိလာပြီဖြစ်​ပါတယ်။ ဒီပထမအဆင့်ပါ ကျေးရွာများအတွက် တည်ဆောက်တပ်ဆင်ခြင်း တင်ဒါကို (National Competitive Bidding – NCB) စနစ်နဲ့ တင်ဒါခေါ်ဆိုခဲ့ပါတယ်​။ နိုင်ငံတကာအကြံပေး ပုဂ္ဂိုလ်များပါဝင်မယ့်​ တင်ဒါစိစစ်ရေးအဖွဲ့ ဝင်များနဲ့အတူ ကမ္ဘာ့ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ စိစစ်ခဲ့ပြီး တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီများကို စာချုပ်ချုပ်ဆိုဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်​”ဟု၎င်းကပြောသည်​။ 

လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ကမ္ဘာ့ဘဏ် ချေးငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် အမျိုးသားလျှပ်စစ် ဓာတ်အား ရရှိရေးစီမံကိန်းတွင်​ပါရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ ၄၈၂ ရွာအတွက် ဓာတ်အားလိုင်း၊ ထရန်စဖော်မာ တည်ဆောက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီများဖြစ်သည့် Able Winner Co.,Ltd ၊ Soe Moe Than Co., Ltd ၊ Helta Light Co.,Ltd နှင့် Myanmar Super Ray Co.,Ltd တို့အကြား လုပ်ငန်းအပ်နှံသည့် စာချုပ်ကို ယခုလ တတိယပတ်​က လက်မှတ်ရေးထိုးခဲ့ကြသည်​။ 

ယင်းကဲ့သို့ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများအနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာမှု အသေးစိတ် ဆောင်ရွက်၍ လုပ်ငန်းများ အမြန်စတင်ဆောင်ရွက်ကြရမည်​ဖြစ်ပြီး​ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကမ္ဘာ့ဘဏ်ချေးငွေဖြင့်ဆောင် ရွက်ရမည့် နိုင်ငံတော်အဆင့် လုပ်ငန်းဖြစ်သောကြောင့်​ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းများအတိုင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ သတ်မှတ်ချိန် အတိုင်းပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်း ရှင်းစေရေးနှင့် အရည်အသွေး ကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် လိုအပ်သည်​ဟုဆိုသည်​။ 

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အမျိုးသားလျှပ်စစ်ဓာတ် အားရရှိရေးစီမံချက် (National Electrification Plan – NEP) ၏ စီမံချက် ကနဦးအနေဖြင့် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ် လာသန်း ၃၁၀ ကိုရယူကာ NEP ပထမအဆင့်ကို တိုင်းဒေသကြီး ၊ပြည်နယ်အသီးသီးတွင် မဟာဓာတ်အားလိုင်းမှ ၂ မိုင်အတွင်းရှိ ကျေးရွာ ၅၀၈၀ ရွာကို ဆောင်ရွက်လျက်ရှိကာ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် တည်ဆောက်ရေးလုပ်ငန်းများစတင် ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းသိရသည်​။ 

ပထမအဆင့်ပါ ကျေးရွာများအတွက် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် တည်ဆောက်ရေးတင်ဒါ ၁၂ ခု ကိုခေါ်ဆိုခဲ့ပြီး ပထမအဆင့် စီမံကိန်းပြီးစီးပါက ကျေးရွာပေါင်း ၅၀၈၀ ရွာရှိ အိမ်ထောင်စုပေါင်း ၆၂၆၇၅၇ ခန့် ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်​။ 

ယခုတင်ဒါအောင်မြင်သည့် ကုမ္ပဏီများနှင့်​ စာချုပ်ချုပ်ဆိုခြင်းသည် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ စစ်ကိုင်း၊ ရွှေဘို၊ ကန့်ဘလူ၊ ကသာခရိုင်အတွင်းရှိ ကျေးရွာ ၄၈၂ ရွာကို ဓာတ်အားရရှိနိုင်ရေးအတွက် ပထမဦးဆုံး ချုပ်ဆိုသည့်စာချုပ်ဖြစ်ပြီး ယင်းစီမံကိန်းပြီးစီးသွားပါက အိမ်ထောင်စုအရေအတွက်ပေါင်း ၅၂၂၄၇ စု မီးလင်းနိုင်မည်​ဖြစ်သည်​။ 

ယင်းစီမံကိန်းလုပ်ငန်းများမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ တွင်ပြီးစီးမည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက ကျန်တင်ဒါများအားလုံးကိုလည်း သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်း များနှင့်အညီ စိစစ်လျက်ရှိကြောင်းသိရသည်။ 


ဝေဝေဖြိုး
The Fifth Wave News


0 comments:

Post a Comment