Wednesday, December 26, 2018

ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦး လုယက်သတ်ဖြတ်ခံရ



မန္တလေးမြို့ အမရပူရမြို့နယ် ဆင်စွယ်ပွတ်ရပ်ကွက် မဟာဂန္ဓာရုံကျောင်းတိုက်အနီး တောင်သမန်အင်းကန်ပတ်လမ်း တာရိုးပေါ်တွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က ရတနာပုံတက္ကသိုလ် ကျောင်းသားတစ်ဦးထံမှ လုယက်ပြီး ဓားဖြင့်ထိုးသွားခဲ့သည့်အတွက် ယင်းကျောင်းသား သေဆုံးမှု ဖြစ်သွားခဲ့ကြောင်း အမရပူရမြို့မရဲစခန်း က သိရသည်။ 
ဖြစ်စဉ်မှာ ရတနာပုံတက္ကသိုလ်ကျောင်းသား ကုန်ထုတ်ဓာတုဘာသာ (စတုတ္ထနှစ်) ကိုစိုးမိုးဟိန်း (၂၂) နှစ် သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း (၂၄) နှစ် နှင့်အတူထိုင်နေစဉ် အမည်မသိလူ (၄) ဦး မှဆိုင်ကယ်(၂) စီးဖြင့်ရောက်ရှိလာပြီး အကူညီ တောင်းချင်လို့ပါဟုပြောဆို၍ ၎င်းတို့အထဲမှ အမည်မသိတစ်ဦးက ပွေ့ဖက်ကာ ကိုစိုးမိုးဟိန်းအား ဓားဖြင့် ဘယ်ဘက်ရင်ညွှန့်ကို ထိုးခဲ့သည် ။ 

ထိုသို့ ဓါးဖြင့်ထိုးလိုက်သည့်အတွက် ကိုစိုးမိုးဟိန်းမှာ တောင်သမန်အင်းအတွင်းပြုတ်ကျခဲ့ပြီး သမီးရည်းစားဖြစ်သူ မခိုင်ဇင်ဝေနှင်း က ပတ်ဝန်းကျင်အားအော်ဟစ်အကူတောင်းစဉ် ၄င်းတို့ထဲမှပါလာသူသူတစ်ဦးက သူမပါးစပ်အားပိတ်သဖြင့်ရုန်ကန်ရာ တာရိုးအုတ်ခုံပေါ်မှ တောင်သမာန်အင်းအတွင်းပြုတ်ကျခဲ့ကြောင်း သိရသည် ။ 

ထို့နောက် အင်းအတွင်း၌ ၄င်းအုပ်စုအတွင်းမှ (၁) ဦးသည် ကိုစိုးမိုးဟိန်း၏ ဝဲဘက်တင်ပါးဆုံအား ဓါးဖြင့်ထပ်မံထိုးစဉ် ပတ်ဝန်းကျင်အားထပ်မံအော်ဟစ်အကူအညီတောင်းရာ ၎င်းတို့မှာထွက်ပြေးသွားပြီး အမည်မသိလူလေးဦးရောက်ရှိလာကာ အကူအညီပေးသဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ည(၁၀)နာရီအချိန်ခန့်တွင် ရရှိသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။ 

“လုယက်သူတွေက သေဆုံးသူရဲ့တင်ပါးဆုံနဲ့ ရင်ညွှန့်တို့ကို ဓားဖြင့်ထိုးသွားတာ။ ဆေးရုံကြီးကိုရောက်ပြီးမှ သေသွားတာ ။ တရားခံကတော့ စုံစမ်းနေစဲပဲ ” ဟု အမရပူရမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။ 

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး လူအမည်မသိ လူ (၄) ဦးအား အမပူရမြို့မရဲစခန်းတွင် (ပ)၇၁၇/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ – ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ 


နိုင်လင်းဦး


The Fifth Wave News

0 comments:

Post a Comment