Saturday, December 1, 2018

မူဆယ်နယ်စပ်တွင် ကုန်သွယ်မှုရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်မှာ နှစ်လနီးပါးရှိလာပြီး ယခုနှစ် လက်ရှိအချိန်အထိ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ခန့်လျော့ကျကာ အထူးသဖြင့် ပို့ကုန်တင်ပို့မှု ၉၅ ရာခိုင်နှုန်းကျော် လျော့ကျ


မူဆယ်နယ်စပ်တွင် ကုန်သွယ်မှုရပ်ဆိုင်းလုနီးပါးဖြစ်နေသည်မှာ နှစ်လနီးပါးရှိလာပြီး ယခုနှစ်လက်ရှိအချိန်အထိ ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ကာလတူထက် ဒေါ်လာသန်း ၂၀၀ ခန့် လျော့ကျကာ အထူးသဖြင့် ပို့ကုန်တင်ပို့မှု ၉၅ ရာခိုင်နှုန်းကျော် လျော့ကျကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ 
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာ၂၃ ရက်အထိ နှစ်လနီးပါးအတွင်း မြန်မာ-တရုတ်နယ်စပ် မူဆယ်ကုန်သွယ်ရေးစခန်း၏ စုစုပေါင်းကုန်သွယ်မှု ပမာဏသည် ဒေါ်လာ ၅၃၇ ဒသမ ၅၈၂ သန်း သာရရှိထားပြီး ယခင်နှစ်ကာတူတွင် ဒေါ် လာ ၇၃၃ ဒသမ ၃၇၉သန်းကျော်အထိ ရရှိထားသည့်အတွက် ယခုနှစ်လက်ရှိအချိန် အထိ ဒေါ်လာ ၁၉၅ ဒသမ ၇၉၇ သန်းအထိ လျော့ကျနေခြင်း ဖြစ်သည်။ 

ပို့ကုန်တင်ပို့ရာ၌ ယခုနှစ် လက်ရှိအချိန်အထိတွင် ဒေါ် လာ ၃၃၁ ဒသမ ၇၆၈ သန်းသာ ရရှိထားသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ ၅၂၁သန်းကျော်အထိရရှိထားသည့်အတွက် ယခုနှစ်တွင် ပို့ကုန်တင်ပို့မှုမှ ဒေါ် လာ ၁၈၉ ဒသမ ၃၃၃ သန်းအထိလျော့ကျခဲ့သည်။ မူဆယ်နယ်စပ်တွင် လျော့ကျခဲ့သည့် စုစုပေါင်း ကုန်သွယ်မှု၏ ၉၆ ဒသမ ၆၉ ရာခိုင်နှုန်းအထိ လျော့ကျခဲ့ခြင်း ဖြစ်သည်။ 

သွင်းကုန်တင်သွင်းရာတွင် ယခုနှစ်တွင် ဒေါ်လာ ၂၀၅ ဒသမ ၈၁၅ သန်းအထိ တင်သွင်းထားသည်။ ယခင်နှစ်ကာလတူတွင်မူ ဒေါ်လာ၂၁၂ ဒသမ ၂၇၉ သန်းအထိတင် သွင်းထားသည့်အတွက် ယခုနှစ်တွင် သွင်းကုန်တင်သွင်းမှု ဒေါ်လာ ၆ ဒသမ ၄၆၄ သန်း လျော့ကျခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၃ ဒသမ ၃၁ ရာခိုင်နှုန်းသာ လျော့ကျခဲ့သည်။ 

မြန်မာ-တရုတ်နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီးနှင့်ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးစခန်းများဖွင့်လှစ်ကာ တရုတ်နိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည်။ 

မြန်မာဘက်မှ တရားဝင်တင်ပို့ခြင်းဖြစ်သော်လည်း တရုတ်ဘက်ကမူ တရားဝင် သတ်မှတ်မထားခြင်းကြောင့် မကြာခဏဆိုသလို အဖမ်းအဆီးများ ပြုလုပ်လေ့ရှိသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းက စတင်ကာ မူဆယ်နယ်စပ်တွင် တရုတ်နိုင်ငံက အဖမ်းအဆီးများ ပြုလုပ်နေပြီး လုံခြုံရေးတင်းကြပ်နေသည့်အတွက် သယ်ယူပို့ဆောင်မှုလမ်းကြောင်းများ ပိတ်နေခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန်၊ သကြား၊ ပြောင်းစသည့် ပို့ကုန်များမှာ တင်ပို့နိုင်ခြင်းမရှိဖြစ်ခဲ့ရကြောင်း မူဆယ်ကုန်သည်များထံမှ သိရသည်။ 

“ယခင်နှစ်များနဲ့မတူဘဲ ယခုနှစ်တွင် အဖမ်းအဆီးများ တင်းကျပ်ပြီး ဖမ်းဆီးမှု ကြာမြင့်နေရခြင်းမှာ ယူနန်ပြည်နယ်အတွင်းရှိ အစိုးရပိုင်ရေနံကုမ္ပဏီမှ ယူနန်ပြည်နယ်အတွင်း နယ်စပ်လမ်းကြောင်းများတွင် လောင်စာဆီများ တရားမဝင် ဝင်ရောက်နေသည့်အတွက် အဆိုပါတရားမဝင်ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူနိုင်ရန် တရုတ်နိုင်ငံသမ္မတထံ တိုက်ရိုက်တိုင်ကြားသည့်အတွက် သမ္မတမှ တရားမဝင် မှောင်ခိုလုပ်ငန်းများကို ပြင်းပြင်းထန်ထန် တားဆီးအရေးယူရန် ညွှန်ကြားလိုက်သည့်အတွက် ယခုတစ်ကြိမ်ဖမ်းဆီးမှုမှာ ယခင်နှစ်များလို ပြည်နယ်အစိုးရ၏ စီမံချက်မဟုတ်ဘဲ ဗဟိုအစိုးရ၏ စီမံချက်ဖြစ်နေသဖြင့် ယခင်နှစ်များထက် ဖမ်းဆီးမှုများ ကြာမြင့်ပြင်းထန်ပြီး လမ်းကြောင်းများ ပိတ်ဆို့နေရခြင်းဖြစ်ပါတယ်” ဟု မူဆယ်နယ်စပ်မှကုန်သည်တစ်ဦးက အောက်တိုဘာလအတွင်းက ပြောကြားထားသည်။ 

ထို့ကြောင့် ယခုတစ်ကြိမ် ဖမ်းဆီးမှုမှာ ယခင်နှစ်များကဲ့သို့ ပြည်နယ်အစိုးရ၏ စီမံချက်မဟုတ်ဘဲ ဗဟိုအစိုးရ၏ စီမံချက်ဖြစ် နေသဖြင့် ဖမ်းဆီးမှုများ ကြာမြင့်ပြင်းထန်ပြီး လမ်းကြောင်းများ ပိတ်ဆို့နေရခြင်း ဖြစ်ကြောင်း သိရသည်။ 

လက်ရှိဖမ်းဆီးပိတ်ဆို့မှု အခြေအနေမှာ ရှေ့ဆက်လည်းကြာမြင့်သွားနိုင်ကြောင်း၊ ထိုသို့ ကြာမြင့်သွားပါက နယ်စပ်ကုန်သွယ်မှုမှာ လုံးဝရပ်ဆိုင်းသွားမည် ဖြစ်ကြောင်းနှင့် ယခုလည်း ရပ်ဆိုင်းလုနီးပါး ဖြစ်နေကြောင်း၊ ယင်းအကျိုးဆက်များကြောင့် ကားများ လုပ်ငန်းရှင်များအလုပ်သမားများသာမက သက်ဆိုင်ရာ ကဏ္ဍအလိုက် နစ်နာမှုများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ဆုံးရှုံးမှုများဖြစ်ပေါ်လာနေကြောင်း ကုန်သည်များထံမှ သိရသည်။ 

မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်ရေး စခန်းများအနက် မူဆယ်နယ်စပ်သည် အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းတစ်ခု ဖြစ်သည်။ 

Eleven Media Group 


0 comments:

Post a Comment