Monday, December 3, 2018

“ခင်ဗျား ကျုပ်စကားဘယ်တော့မှ နားမထောင်ဘူး”ဟု ပြင်သစ်သမ္မတမက်ခရွန်က ဆော်ဒီအိမ်ရှေ့စံကို ခပ်တိုးတိုး ကပ်ပြောနေပုံဗီဒီယို အမှတ်မထင်ရိုက်ကူးနိုင်ခဲ့


အာဂျင်တီးနားနိုင်ငံတွင် ကျင်းပသော ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တက်ရောက်လာကြသော ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ဆော်ဒီအိမ်ရှေ့စံ မိုဟာမက်ဘင်ဆဲလ်မန်တို့ ခပ်တိုးတိုးကပ် ပြောနေကြပုံကို အမှတ်မထင် ဗီဒီယိုမှတ် တမ်းတင်နိုင်ခဲ့ကြောင်း CNN ရုပ်သံနှင့် နိုင်ငံတကာမီဒီယာအချို့တွင် ဖော်ပြခဲ့ကြသည်။ 
လှုပ်ရှားမှုပုံရိပ်နှင့်အတူ အသံဖိုင်ပါ ဖမ်းမိခဲ့ရာတွင် ခေါင်းဆောင်နှစ်ဦး ဆော်ဒီ ဂျာနယ်လစ် ဂျမဲလ်ခါရှော့ဂီအသတ်ခံရသည့်ကိစ္စ၊ လက်ရှိဖြစ်ပွားနေသော ယီမင် ပြည်တွင်းစစ်တွင် ဆော်ဒီပါဝင်ပတ်သက်မှုတို့ ပါဝင်ခဲ့သည်။ ဆော်ဒီတွင် လက်ရှိ အာဏာအရှိဆုံးဟု လက်ခံထားကြသော အိမ်ရှေ့စံ မိုဟာမက်ဘင်ဆဲလ်မန်က “စိတ်မပူပါနဲ့”ဟု ပြောကြားခဲ့ရာတွင် ပြင်သစ်သမ္မတက “ကျုပ်ကတော့ စိတ်ပူတယ်”ဟု တုံ့ပြန်ခဲ့သည်။ 

မက်ခရွန်က အိမ်ရှေ့စံကို စေ့စေ့ကြည့်ပြီး “ခင်ဗျား ကျုပ်စကားဘယ်တော့မှ နားမထောင်ဘူး”ဟု ပြောကြားခဲ့ရာတွင် အိမ်ရှေ့စံက ခေါင်းညိတ်ပြီး ပြန်ပြုံးပြခဲ့သည်။ ထို့နောက်တွင် “နားထောင်ပါ့မယ် ဆိုပါတော့”ဟု အိမ်ရှေ့စံက ပြန်ပြောခဲ့သည်။ တွစ်တာလူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သော တစ်မိနစ်သာရှိသည့် ဗီဒီယိုဖိုင်အဆုံးတွင် မက်ခရွန်က “ကျုပ်က ပြောတဲ့အတိုင်း လုပ်တတ်တာနော်”ဟု သတိပေးလိုက်သံ လည်း ပါရှိခဲ့သည်။ 

ယင်းဗီဒီယိုထွက်ပေါ်လာခြင်းနှင့် ပတ်သက်၍ ပြင်သစ်သမ္မတ၏ အယ်လီဆေး နန်းတော်က ငြင်းဆိုခြင်းမရှိဘဲ MbS (မိုဟာမက် ဘင်ဆဲလ်မန်ကို အနောက်ကမ္ဘာက အတိုကောက်ခေါ်သောအမည်) ၏ မျက်နှာတွင် ရှက်ပြုံးပြုံးနေပုံနှင့် သမ္မတ၏မျက်နှာမှ တည်ကြည်သောအပြုံးအကြား ကွာဟမှုကို မြင်နိုင်ကြောင်း၊ ခိုင်မာသည့် ပုံစံဖြင့် သတင်းစကားပါးခြင်းဖြစ်ကြောင်းသာ ထုတ်ပြန်ခဲ့သည်။ 

ဆော်ဒီအိမ်ရှေ့စံနှင့် အာဏာပိုင်များကို ဝေဖန်လေ့ရှိသူ ဆော်ဒီဂျာနယ်လစ် ခါရှော့ဂီအသတ်ခံရမှုတွင် ဆော်ဒီအာဏာပိုင်များ၊ အထူးသဖြင့် အိမ်ရှေ့စံကိုယ်တိုင် ညွှန်ကြားခဲ့သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်လာချိန်တွင် ဆော်ဒီ၏ မဟာမိတ် အနောက်နိုင်ငံကြီးများက ဝေဖန်မှုများ ပြုလုပ်နေသော်လည်း အတတ်နိုင်ဆုံး အိမ်ရှေ့စံဘက်မှ ကာကွယ်ပေးလျက်ရှိသည်။ 

ခါရှော့ဂီအသတ်ခံရမှုတွင် နိုင်ငံ တကာကျွမ်းကျင်သူများဖြင့် စုံစမ်းစစ်ဆေးရန် မက်ခရွန်က ဥရောပကိုယ်စားတောင်း ဆိုထားသည်။ ယီမင်မှ ဆော်ဒီကျူးကျော် စစ်ကိစ္စနှင့်ပတ်သက်၍လည်း ဥရောပခေါင်းဆောင်များက ဆော်ဒီကို ဖိအားပေးရန် ဆန္ဒရှိနေသည်။ အမေရိကန် ထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေကလည်း ခါရှော့ဂီ အသတ်ခံရမှုမှာ အိမ်ရှေ့စံ၏ အမိန့်အတိုင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချထားသည်။ သို့သော်လည်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က အိမ်ရှေ့စံဘက်မှ ကာကွယ်ပြောကြားနေဆဲဖြစ်သည်။ 

အနောက်နိုင်ငံများနှင့် ပလဲနံပသင့် သူ ဆော်ဒီအိမ်ရှေ့စံအပေါ် အနောက်ကမ္ဘာက ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဆက်ဆံနေပြီး မကြာသေးမီက ယီမင်အရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်ရန် ဗြိတိန်၏ ကြိုးပမ်းမှုကိုပင် ဆော်ဒီအိမ်ရှေ့စံနှင့် ညှိနှိုင်းအပြီးတွင် ရွှေ့ဆိုင်းပေးခဲ့သည်။ 

တစ်ချိန်တည်းတွင်ပင် ဂျာနယ်လစ် ခါရှော့ဂီသည် ဆော်ဒီတွင် အွန်လိုင်းလူငယ် လှုပ်ရှားမှုဖော်ဆောင်ပြီး ဆော်ဒီအစိုးရနှင့် အိမ်ရှေ့စံ၏ လုပ်ရပ်များကို ဝေဖန်ထိုးနှက်ရန် ရည်ရွယ်ခဲ့ကြောင်း မိတ်ဆွေဖြစ်သူနှင့် ဆွေးနွေးတိုင်ပင်ထားသည့် Whatsapp မက်ဆေ့ခ်ျများ ပေါ်ထွက်လာသည်။ 

The Voice

0 comments:

Post a Comment