Thursday, December 27, 2018

အမျိုးသားလွှတ်တော်တိုင်ကြားစာကော်မတီ တိုင်စာ ၇၀၀၀ ကျော်ရရှိ၊ အုပ်ချုပ်ရေးမှူးပါ လူ ၁၅၀ ခန့် အရေးယူ


အန်အယ်လ်ဒီ အစိုးရသစ်လက်ထက် ၃ နှစ်တာကာလအတွင်း အမျိုးသားလွှတ်တော်ရဲ့ တိုင်ကြားစာ ကော်မတီမှာ တိုင်စာပေါင်း ၇၀၀၀ ကျော်ထဲက အုပ်ချုပ်ရေးမှူးတွေအပါအ၀င် လူ ၁၅၀ လောက် အရေးယူနိုင်ခဲ့တယ်လို့ တိုင်ကြားစာ ကော်မတီ အတွင်းရေးမှူး ဦးလှမြင့်သန်းက ပြောပါတယ်။ 
၂၀၁၆ ဖေဖော်ဝါရီလက စပြီး ၂၀၁၈ နိုဝင်ဘာအထိ အမျိုးသားလွှတ်တော် (နေပြည်တော်) မှာရှိတဲ့ ပြည်သူတို့၏ တိုင်ကြားစာကော်မတီမှာ တိုင်စာပေါင်း ၇၂၅၀ လက်ခံရရှိခဲ့ပြီး လူ ၁၅၀ လောက် အရေးယူနိုင်ခဲ့တာပါ။ 

ဒီအရေးယူခံရတဲ့ ၁၅၀ ထဲမှာ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေ အပါအ၀င် ဌာနဆိုင်ရာ ၀န်ထမ်းတွေဖြစ်သလို ပဲခူးမြို့က မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ဥပဒေအရာရှိတဦးနဲ့ တရာလွှတ်တော်ရှေ့နေတဦး ပါဝင်တယ်လို့ တိုင်ကြားစာကော်မတီ အတွင်းရေးမှူး ဦးလှမြင့်သန်းက ပြောပါတယ်။ 

“သူတို့တွေက မြေပေးမိန့်အတုပြုလုပ်တဲ့အမှုနဲ့ ပတ်သက်ပြီး စစ်ဆေးတဲ့နေရာမှာ ခရိုင်အုပ်ချုပ်ရေးမှူးက ၃ ကြိမ် ညွှန်ကြားထားပေမယ့် ၈ လလောက်ကြာတဲ့အထိ ဆောင်ရွက်မှု မရှိသလို ဖြစ်နေတဲ့အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ ဥပဒေအရာရှိတဦး တို့ကို အရေးယူတာပါ။ တရာလွှတ်တော်ရှေ့နေကတော့ အဲဒီမြေပေးမိန့်တွေ အရောင်းအ၀ယ်လုပ်တဲ့ကိစ္စမှာ ပါဝင်ပါတသက်နေတဲ့အတွက် အရေးယူတာ။” 

ဒါပေမယ့် အဲဒီပုဂ္ဂိုလ် ၅ ဦးကို အရေးယူထားတယ်လို့ သိရပြီး ဘယ်လိုအရေးယူထား တယ်ဆိုတာတော့ မသိဘူးလို့  ပြောပါတယ်။ 

“တချို့တိုင်စာတွေကတော့ ကျနော်တို့ ဆောင်ရွက်နိုင်စွမ်းမရှိသလို တချို့ကြတော့ တောင်စဉ် ရေမရ ရေးထားတာတို့၊ တရားရုံးမှာ တရာရင်ဆိုင်နေဆဲဟာတို့ဆို ကျနော်တို့ အရေးမယူပါဘူး။ တိုင်စာတွေထဲမှာ အထောက်အထား ခိုင်မာတယ်လို့ ယူဆတဲ့ဟာတွေကို သက်ဆိုင်ရာဌာနတွေကို ပေးပို့ပြီး ဘယ်လိုလုပ်သင့်တယ်၊ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ အမိန့်ညွှန်ကြားချက်တွေနဲ့ ညီညွတ်ခြင်းရှိမရှိ အကြံပြုချက်များနှင့်အတူ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌရုံးကနေတဆင့် သက်ဆိုင်ရာ ဌာနတွေကို ပေးပို့ပါတယ်။ အဲဒီလိုပေးပို့တဲ့ နေရာမှာ ဌာနဆိုင်ရာတွေက အကြောင်းပြန်တာရှိသလို အကြောင်းမပြန်တာတွေလည်းရှိတယ်” လို့ ဦးလှမြင့်သန်းက ရှင်းပြပါတယ်။ 

အောင်စိုးမိုး
DVB

0 comments:

Post a Comment