မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် ကျေးရွာပေါင်း ၂၉ ရွာမှာ လျှပ်စစ်မီးပေးနိုင်ခဲ့ပြီလို့ မကွေးတိုင်းဝန်ကြီးချုပ်က ပြောကြားလိုက်ပါတယ်။
ပြည်သူထည့်ဝင်ငွေ သိန်ပေါင်း ၂ သောင်းကျော်၊ အစိုးရ ထည့်ဝင်ငွေ သိန်း ၄၉၀၀ ကျော်နဲ့ အခုလို မီးပေးနိုင်ခဲ့တာလို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။
“အခုလိုမီးပေးနိုင်ဖို့က ဓာတ်အားခွဲရုံရှိမှ ဖြန့်ဖြူးနိုင်မှာဖြစ်တယ်။ 5 MBA ပဲရှိတဲ့ ဓာတ်အားခွဲရုံတွေများပြီး မြိုင်မြို့နယ်မှာ ယခင်အစိုးရလက်ထက်က သုတေသနလုပ်ဖို့ သန်းထောင်ချီ ကုန်ကျခံတည်ဆောက်ထားတဲ့ 10 MBA ဓာတ်အားခွဲရုံ ရှိတဲ့အတွက် ခုလို ဖြန့်ဖြူးနိုင်တာပါ။ မြိုင်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ ဦးဆောင်ကာ ကြိုးသွယ်တန်းပြီး ထရန်စဖော်မာတွေ တည်ဆောက်ခိုင်းတဲ့အတွက် ရွာတွေအများကြီးကို လျှပ်စစ်မီးပေးနိုင်တာပါ။”
မြိုင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဦးသက်နိုင်က “ကျေးရွာနေ ပြည်သူတွေက လျှပ်စစ်မီးလင်းချင်တဲ့ဆန္ဒကြောင့် ထရန်စဖော်မာတွေနဲ့ ရွာတွင်း ၄၀၀ ဗို့လိုင်းတွေ အပြိုင်အဆိုင် တည်ဆောက်ကြတဲ့အတွက် ဒီလိုအခြေအနေဖြစ်လာတာပါ။ ငွေကြေးပြည့်စုံသူက စိုက်ထုတ်ထားပြီး စိုက်ပျိုးရေးလုပ်ငန်းကနေ တအိမ်ထောင်ကို နှစ်သောင်း/သုံးသောင်းလောက်နဲ့ ဆယ်ကြိမ်လောက်ခွဲပြီး စုဆောင်ခဲ့တာပါ။ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း အောင်မြင်တဲ့ ကျေးရွာတွေက နိုင်ငံတော်က ပေးတဲ့ငွေကို မစောင့်ဘဲ ကိုယ်ထူကိုယ်ထစနစ်နဲ့ ထည့်ဝင်ခဲ့တာ” လို့ ပြောပါတယ်။
အဆိုပါဓာတ်အားခွဲရုံမှ ကျေးရွာပေါင်း ၅၀၀ လောက်ထိ လျှပ်စစ်ဖြန့်ဖြူးနိုင်တဲ့အတွက် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင် ၃၂၉ ရွာအပြင် ပေါက်မြို့နယ်ရှိကျေးရွာတွေပါ လျှ့ပ်စစ်မီး ဖြန့်ဖြူးနိုင်မယ်လို့ ဆိုပါတယ်။
အဆိုပါကျေးရွာတွေ လျှပ်စစ်မီးလင်းရေးဖွင့်ပွဲကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ ၁၅ ရွာ၊၂၅ ရက်နေ့က ၁၄ ရွာဖွင့်လှစ်ပေးခဲ့တာပါ။
သတင်း-မင်းထီး
DVB
0 comments:
Post a Comment