Thursday, December 27, 2018

တိုင်းကျေးလက်လမ်းဦးစီးဌာနအရာထမ်းအမှု တတိယအကြိမ် စစ်ဆေး

အဂတိလိုက်စားမှုဖြင့် အမှုဖွင့်ခံထားရသည့် မန္တလေး တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးအမှုကို ဒီဇင်ဘာလ ၂၇ ရက်တွင် မန္တလေး တိုင်းတရားလွှတ်တော်၌ တတိယအကြိမ် စစ်ဆေးခဲ့သည်။ 
အမှုဖွင့်ခံရသူ အဆိုပါဦးစီးဌာမှ ညွှန်ကြားရေးမှူးမှာ ထွက်ပြေးတိမ်းရှောင်နေသော်လည်း ဒီဇင်ဘာလ ၂၇ ရက်ရုံးချိန်းတွင် တရားလိုပြသက်သေအဖြစ် ငွေကြေးပေးခဲ့ရသည့်ကုမ္ပဏီနှစ်ခုမှ မန်းနေဂျင်းဒါရိုက်တာ တစ်ဦးနှင့်အင်ဂျင်နီယာ တစ်ဦးတို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။ 

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံစကားပြောဆိုရာမှာ အဲ့ဒီကိစ္စက ပေါ်ပေါက်ခဲ့တာပါ။ ပေးခဲ့ရတယ်ဆိုတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေဆီကနေ သက်သေတွေရှာတယ်။ သေချာပြီဆိုတော့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခဲ့တာ။ အဲ့ဒီမှာ ကုမ္ပဏီက တာဝန်ရှိသူတွေကို ဒီအမှုမှာ သက်သေတွေအဖြစ် ထည့်သွင်းထားတာ ဖြစ်တယ်”ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းများ အရည်အသွေး စစ်ဆေးရေးအဖွဲ့ (QC)မှ ဥက္ကဋ္ဌ ဦးပွက ဆိုသည်။ 

အမရပူရမြို့နယ်အတွင်း ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် လုပ်ဆောင်သည့် ကျေးလက်လမ်းဖွံ့ဖြိုးရေးစီမံကိန်းကို ဦးစီးဆောင်ရွက်သူ ညွန်ကြားရေးမှူး(တိုင်းဦးစီး) ဦးအောင်မြင့်ကျော် နှင့်ဌာန ခွဲစာရေး ဒေါ်သူဇာတို့သည့် တင်ဒါအောင် ကုမ္ပဏီများထံမှ ရုံးအသုံးစရိတ်၊ ငွေထုတ်စရိတ်ဟု ဆိုကာ ငွေကြေး များတောင်းယူကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟုဆိုကာ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ရဲစခန်းတွင် အောက်တိုဘာလ ၃၁ ရက်က အမှုဖွင့် တိုင်တန်းခဲ့သည်။ 

ယင်းသို့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြုသူ ညွှန်ကြားရေးမှူးကို ၂၀၁၃ ခုနှစ်၊အဂတိ လိုက်စားမှု တိုက် ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ အမှုဖွင့်ထားပြီး ဌာနခွဲစာရေး ဒေါ်သူဇာကို ၂၀၁၃ ခုနှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ တို့ဖြင့် မြစ်ငယ်ရဲစခန်းက အမှုဖွင့်ထားသည်။ 

ယင်းအမှုကို ဇန်နဝါရီလ ၁၀ ရက်တွင် ဆက်လက်စစ်ဆေးရန် ချိန်းဆိုထားသည်။

The Voice

0 comments:

Post a Comment