ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ်ဒီဇင်ဘာလ(၅)ရက်နေ့(မနက်ဖြန်)တွင် ကင်မွန်းစခန်းတောင်ခြေမှ ရင်ပြင်တော်အထိ တောင်တက်ကားများအားလုံးကို အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
"အခုက (၁၅)နှစ်ပြည့်ပါ။တောင်တက်မော်တော်ယာဉ်အသင်းနှစ်ပတ်လည်နေ့ကို ဒီဇင်ဘာလ ပထမပတ်ရဲ့ ဗုဒ္ဓဟူးနေ့တိုင်းမှာကျင်းပခဲ့တာပါ။မနက်ဖြန်မှတော့ ဘုရားဖူးတစ်ယောက်မကျန်ကို တောင်တက်ကားတွေက အခမဲ့ ပို့ဆောင်ပေးသွားမှာပါ"ဟု တောင်တက်မော်တော်ယာဉ်အသင်းဥက္ကဌ ဦးမျိုးမြင့်ကဆိုသည်။
ယခုနှစ်တွင် ကင်မွန်းစခန်းတောင်ခြေမှ တောင်ပေါ်အထိ တောင်တက်ကားခ အခမဲ့ပြေးဆွဲပေးခြင်းအပြင် နိဗ္ဗာန်ဈေးအဖြစ် စတုဒီသာမျိုးစုံကိုလည်း ကုသိုလ်ယူ ကျွေးမွေးလှူဒါန်းသွားမည်ဟုသိရသည်။
ကျိုက်ထီးရိုး တောင်တက်ကားများကို မနက်(၅)နာရီမှညနေ(၆)နာရီအထိပြေးစွဲပေးနေခြင်းဖြစ်ပြီး တောင်ခြေမှရင်ပြင်တော်အထိ လူတစ်ဦးလျှင် နောက်ခန်း (၂၀၀၀)ကျပ်ရှေ့ခန်း(၃၀၀၀)ကျပ်သတ်မှတ်ထားခြင်းဖြစ်သည်။
အောင်ပြည့်စုံ
Popular News Journal








0 comments:
Post a Comment