Saturday, December 1, 2018

ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိရာမှ ဘယ်ခြေကြေမွပျက်စီးမှုဖြစ်ပွားပြီး ရေးမြို့နယ်တောင်ပိုင်းနှင့် မွန်-တနင်္သာရီအစပ်တွင် မြေမြှုပ်မိုင်းဒဏ်ခံရသူ နှစ်လအတွင်း သုံးဦးအထိရှိလာ


တနင်္သာရီဒေသကြီး ရေဖြူမြို့နယ် အလယ်စခန်းကျေးရွာသားတစ်ဦး နိုဝင်ဘာ ၂၉ ရက် နံနက် ၇ နာရီခန့်က ရော်ဘာခြံသို့ သွားရောက်စဉ် ခြံဝင်းအတွင်းရှိ တဲအနီး၌ မြေမြှုပ်မိုင်းနင်းမိရာမှ ဘယ်ခြေကြေမွပျက်စီးခဲ့ပြီး ရေးမြို့နယ်တောင်ပိုင်းနှင့် မွန်-တနင်္သာရီအစပ်ဒေသ၌ မြေမြှုပ်မိုင်းဒဏ်ခံရ သူနှစ်လအတွင်း သုံးဦးအထိရှိလာ သိရသည်။ 
“မိုင်းနင်းမိတဲ့သူက အလယ်စခန်းကျေးရွာနေ နိုင်ကွန်ဗလိုင်း (၃၃ နှစ်) ဖြစ်ပါတယ်။ သူခြံသွားတော့ ခြံရောက်ပြီးတော့မှပဲ။ သူ့ခြံမှာရှိနေတဲ့ တဲဘေးအနားမှာပဲ သူနင်းမိသွားတယ်။ ဒီနေ့နံနက် ၇ နာရီခွဲလောက်က နင်းမိသွားတယ်။ ဘယ်ခြေထောက်က ကြေမွပျက်စီးဒဏ်ရာရရှိတယ်။ ညာခြေက အရိုးကျိုးဒဏ်ရာတွေ ရရှိထားတယ်” ဟု အလယ်စခန်းအုပ်ချုပ်ရေးမှူး နိုင်တင်စံက ပြောကြားသည်။ 
“ဓာတ်မှန်တော့ ရိုက်ထားပြီးပြီ။ မနေ့ကပဲ ရေးမြို့နယ်ဆေးရုံကနေ မော်လမြိုင်ဆေးရုံကြီးကို တင်လိုက်ကြတယ်လို့ သိရတယ်။ အခုအချိန်က ရော်ဘာအစေးလှီးတဲ့ အချိန်လည်းဖြစ်နေတယ်။ အခုလိုဖြစ်တော့ ရွာသွားတွေလည်း ခြံထဲဆင်းဖို့က ကြောက်ရွံ့နေကြတယ်” ဟု နိုင်တင်စံက ဆက်လက်ပြောကြားသည်။ 

“ရေးမြို့နယ်တောင်ပိုင်းနဲ့ တနင်္သာရီနဲ့ မွန်ပြည်နယ်အစပ်မှာ မြေမြှုပ်မိုင်းပြဿနာနဲ့ပတ်သက်ပြီးပြောရရင် လက်နက်ကိုင်အဖွဲ့ တွေကြားမှာ ဒေသခံတွေက ဓားစာခံဖြစ်တာပဲလို့ ယူဆပါတယ်။ အဖွဲ့အစည်းအသီး သီးရဲ့ကိုယ်ကျိုးစီးပွားတွေလည်း ရှိချင်ရှိမှာပေါ့လေ” ဟု ရေးမြို့နယ်နေဒေသခံ တစ်ဦးက ပြောကြားသည်။ 

၎င်းဆက်လက်ပြီး “အခုလိုဒေသခံတွေ မကြာခဏမြေမြှုပ်မိုင်းဒဏ်ခံရတယ်ဆိုတာ ဟိုးအရင်ကဆိုရင် မကြားမိသလောက်ပဲ။ အခုတော့ ငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်နေကြတဲ့အချိန်မှာ အခုလိုဖြစ်တာဟာ ကောင်းတဲ့လက္ခဏာတော့ မဟုတ်ဘူး” ဟု ပြောကြားသည်။ 

Mon CSO Network မှ ညှိနှိုင်းရေးမှူး ဦးမင်းအောင်ထူးကလည်း “ဒေသခံတွေ ဘက်ကိုကြည့်မယ်ဆိုရင်လည်း ဒီအချိန်က ပွင့်လင်းရာသီဖြစ်တယ်။ ခြံသမား၊ အလုပ်သမားတွေက ဒီဥယျာဉ်ခြံတွေကို မှီခိုပြီးမှ လုပ်ကိုင်စားသောက်နေကြရတော့ ဒီအချိန်က တောထဲကို သွားကြရမှာပဲ။ နောင်လည်း သွားနေကြရဦးမှာပဲ။ ဒါပေမဲ့ အခုလိုပုံစံမျိုး ဖြစ်လာတဲ့အခါကျတော့ ဒေသခံတွေဘက်က အကြောက်တရားတွေနဲ့ ဖြစ်လာမယ်။ မသွားရဲ၊ မလာရဲဖြစ်နေကြမယ်ဆိုရင် သူတို့မိသားစုတွေရဲ့ စားဝတ်နေရေး၊ ရပ်တည်မှုတွေကို လာထိခိုက်နိုင်တယ်” ဟု ပြောကြားသည်။ 

၎င်းက ဆက်လက်ပြီး ဒါတွေကို တာဝန်ရှိသူတွေက ငဲ့ဖို့လိုတယ်။ တစ်ဖက်မှာလည်း တာဝန်ရှိသူတွေက ပုံစံအမျိုးမျိုးနဲ့ ပြန်တုံ့ ပြန်ပေးဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ ဥပမာ JMC လိုအဖွဲ့တွေက ဒီလိုကိစ္စမျိုးတွေကို အ တတ်နိုင်ဆုံးဝင်ပြီးတော့ လုပ်ဆောင်ပေးဖို့ လိုအပ်မယ်။ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ကြားထဲမှာပေါ့။ သူတို့က ပိုပြီးတော့နားလည်ပါလိမ့်မယ်။ ဒီလိုလုပ်တဲ့လူတွေဟာ ဘယ်အဖွဲ့အစည်းက၊ ဘယ်သူ့နယ် မြေထဲမှဖြစ်လဲဆိုတာ သူတို့သိလိမ့်မယ်။ ဒီလိုမျိုးမဖြစ်အောင် တိုက်တွန်းတာတို့၊ ထိန်းညှိတာလို့ လုပ်ဆောင်ပေးဖို့လိုအပ်ပါမယ်။ အဲဒီဒေသမှာရှိတဲ့ ဒေသခံတွေကိုလည်း မိုင်းနဲ့ပတ်သက်တဲ့ ပညာပေးမှုစသည်ဖြင့် အရပ်ဘက်အဖွဲ့အစည်းတွေက လုပ်ပေးဖို့ လိုအပ်လာတဲ့အခြေအနေ ဖြစ်လာနေတယ်” ဟု ပြောကြားသည်။ 

အလားတူပင် ရေးမြို့နယ်တောင်ပိုင်း ဟံဂံကျေးရွာဇာတိ ကွမ်းသီးခြံသမား မင်းမွန်ချမ်း (ခေါ်) အဗလိုင် အသက် (၃၀ နှစ်) ခန့် ဆိုသူသည် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ကြောင်လျှာကွင်းလမ်းမနံဘေးရှိ ခြံထဲသို့အဝင် မြေမြှုပ်မိုင်းတစ်လုံး နင်းမိပေါက်ကွဲမှုကြောင့် ညာဘက်ခြေဖဝါး ကြေမွပျက်စီးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ပြီးခဲ့သည့် အောက်တိုဘာ ၁၅ ရက်က လုံခြုံရေးလှည့်ကင်းလှုပ်ရှားနေသော မွန်ပြည်သစ်ပါတီတပ်ဖွဲ့မှ ရဲဘော်မွန်ချမ်းနိုင် အသက် (၂၅) နှစ် မြေမြှုပ်မိုင်းတစ်လုံးနင်း မိပေါက်ကွဲသဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံတွင် ဘယ်ခြေသလုံးတစ်ဖက် ဖြတ်တောက်ခဲ့ရကြောင်း သိရသည်။ 

Eleven Media Group

0 comments:

Post a Comment