Saturday, December 1, 2018

ဝင်ခွင့်စနစ် အပြောင်းအလဲ၏သားကောင်များ


၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ် ပထမနှစ် အတန်းများကို ၂၀၁၉ ဒီဇင်ဘာ ၃ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။ သို့သော် ကျောင်းဖွင့်ရန် ကိုးရက်အလို နိုဝင်ဘာ ၂၄ ရက်တွင်မှ ရန်ကုန်မြို့သထုံလမ်း အဆင့်မြင့်ပညာ ဦးစီးဌာနရုံးတွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနေရသည့် ကျောင်းသား၊ ကျောင်းသူအချို့ ရှိနေသည်။ 
ထိုကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်း ၄၅၁ မှတ်မှ ၅၁၄ မှတ်အတွင်း ရထားသော် လည်း တက္ကသိုလ်ဝင်ခွင့်လျှောက် ထားရာ၌ မည်သည့်တက္ကသိုလ် မျှ ၀င်ခွင့်မရခဲ့သောကြောင့် တက္ကသိုလ်ဝင်ခွင့် ပြန်လည်လျှောက်နေ ရခြင်း ဖြစ်သည်။ 

၂၀၁၈ တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် မည်သည့်တက္ကသိုလ်မျှ ၀င်ခွင့်မရသော ကျောင်းသား၊ ကျောင်းသူများကို ဖော်ပြထားသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စာရင်း ၌ ၂၁၁ ဦး ပါဝင်နေသည်။ 

ဝင်ခွင့် အပြောင်းအလဲကြောင့် အခက်တွေ့ 

ယခုနှစ်တွင် ဆေးတက္ကသိုလ် ငါးခု၏ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်များကို အမျိုးသား ၅၀၅ မှတ်၊ အမျိုးသမီး ၅၁၅ မှတ်ဖြတ်ကာ ရွေးချယ်ပြီး ယခင်နှစ်ထက် သင်တန်းသားဦးရေ ၁၃၁ ဦး လျှော့ချခေါ်ယူခဲ့သည်။ မည်သည့်တက္ကသိုလ်မျှ ၀င်ခွင့်မရသည့် စာရင်း၌ အမျိုးသမီးအမှတ် အမြင့်ဆုံးသူသည် ၅၁၄ မှတ် ရထားပြီး အမျိုးသား အမှတ်အမြင့်ဆုံး သူသည် ၅၀၄ မှတ်ရထားသည်။ 

ထိုကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်ခွင့် မူလလျှောက်ထားစဉ်က ဆေး တက္ကသိုလ်ကို ဦးစားပေးလျှောက်ထားခဲ့ပြီး ဆေးတက္ကသိုလ်ဝင် ခွင့်ရအမှတ် မမီ၍ ဆေးနှီးနွှယ် တက္ကသိုလ် (သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆေးဝါးတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်) များကို နောက်ဆက်တွဲ ထပ်မံလျှောက်ထားခဲ့သည်။ ဆေးနှီးနွှယ် တက္ကသိုလ်များ၏ ၀င်ခွင့်ရအနိမ့်ဆုံးအမှတ် ပြည့်မီသည့်တိုင် ထိုတက္ကသိုလ်များတွင် သတ်မှတ်ဦးရေ ပြည့်ပြီး၍ နောက်ဆက်တွဲ ၀င်ခွင့်ထပ် မခေါ်ခြင်းကြောင့် နိုဝင်ဘာ ၂၄ ရက်တွင် တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် ၁၁ ခုသို့ ၀င်ခွင့်ထပ်မံလျှောက်နေရ ခြင်း ဖြစ်သည်။ 

‘‘၁၁ နှစ်လုံးလုံး ကြိုးစားခဲ့ရတာ။ ဆေးကိုပဲ သူက၀ါသနာပါ တော့ ကိုယ့်အမှတ်နဲ့က ပါလောက်တယ်ဆိုပြီး လျှောက်တာပေါ့။ အခုနောက်ဆုံး အချိန်ထိလည်း ဆေး မပါရင် သွားဆေး၊ သွားဆေးမပါ ရင် ဆေးဝါးဆိုပြီး ဒီဆေး Groupထဲမှာပဲ အန်တီတို့က လျှောက်ထားတာ။ ဆေးလောကထဲကို ဘယ်လိုနေရာက ၀င်ရ၀င်ရဆိုပြီး ပေါ့။ အခု နောက်ဆုံး သူတို့ဘယ်လိုမှ လုပ်ပေးလို့မရတဲ့အခြေအ နေ ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးဌာနက လုံးဝမစဉ်းစားပေးတော့ ဘဲနဲ့ ၁၁ ကျောင်းကိုပဲ လျှောက်ခွင့်ရှိတယ်’’ဟု အမှတ်ပေါင်း ၅၀၉မှတ်ရထားပြီး မည်သည့်တက္ကသိုလ်မျှ ၀င်ခွင့်မရသေးသည့် ကျောင်းသူ၏ မိခင်ဒေါ်သိင်္ဂီကဆိုသည်။ 

ယခင်နှစ်က ဆေးတက္ကသိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်ရအ မှတ်ကို အမျိုးသား ၄၉၃ မှတ်၊ အမျိုးသမီး ၅၀၇ မှတ်ဖြတ်ကာ ခေါ်ယူသော်လည်း ယခုနှစ်တွင် အမျိုးသား အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်သည် ယခင်နှစ်ထက် ၁၂ မှတ် မြင့်တက်ပြီး အမျိုးသမီးများအတွက် ရှစ်မှတ်မြင့်တက်သည်။ ယခင်နှစ် ၀င်ခွင့်ရအမှတ်ကို ကြည့်ကာ ဆေးတက္ကသိုလ်တစ်ခုတည်းကို ဦးစားပေး ၀င်ခွင့်လျှောက်ခဲ့သူများသည် ဆေးတက္ကသိုလ်များ၏ ၀င်ခွင့်ရအမှတ်မြင့်ချိန်တွင် အ ခက်တွေ့ခဲ့ရသည်။ 

ယခုနှစ်တွင် ဆေးတက္ကသိုလ်တစ်ခုတည်းသာ မဟုတ်ဘဲ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် အများစု၏ ၀င်ခွင့်အမှတ်များသည် ရှေ့နှစ်များထက် မြင့်တက်ခဲ့သည်။ ယခင်နှစ်က ဆေးဘက်ဆိုင်ရာ နည်းပညာတက္က သိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်ရ အမှတ်သည် ၄၄၉ မှတ်သာရှိခဲ့သော်လည်း ယခုနှစ်တွင် ၄၇၄ မှတ်ရမှသာ ၀င်ခွင့်ရသည်။ ဆေးဝါးတက္ကသိုလ်များ၏ အနိမ့်ဆုံးဝင်ခွင့်ရမှတ်သည် ယခင်နှစ်က ၄၅၇မှတ်ဖြစ်သော်လည်း ယခုနှစ်တွင် ၄၈၂ မှတ်သည် ဖြစ်သည်။ ရန်ကုန်သူနာပြုတက္ကသိုလ်၏ အနိမ့်ဆုံးဝင်ခွင့်ရအမှတ်သည် ပြီးခဲ့သည့်နှစ်က ကျား ၄၂၅ မှတ်၊ မ ၄၅၀မှတ် ဖြစ်သော်လည်း ယခုနှစ်တွင် ကျား ၄၄၈၊ မ ၄၆၂ မှတ်ဖြစ်သည်။ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)သို့ ယခင်နှစ်က ၄၁၂ မှတ်ရလျှင် တက်ရောက်နိုင်သော်လည်း ယခုနှစ်တွင် ၄၃၅မှတ်ရထားသည့်တိုင် ၀င်ခွင့်မရပေ။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်က ဖွင့်သည့်သတင်းအတတ်ပညာဘာသာ ရပ် ၀င်ခွင့်ရအမှတ်သည်ပင် ယခင်နှစ်များက ၄၂၀ ဖြစ်သော်လည်း ယခုနှစ်တွင် ၄၉၀ မှတ်အထိ မြင့်တက်ခဲ့သည်။ 

ထိုသို့ ၀င်ခွင့်ရအမှတ်များ မြင့်တက်ခြင်းသည် ယခုနှစ်တွင် အသစ်စတင်ကျင့်သုံးသည့် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် ၁၁ ခုတွင် တိုက်ရိုက်ခေါ်သောစနစ်၏ သက်ရောက်မှုဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ 

‘‘အရင်စနစ်ကတော့ ရှင်းတယ်။ ဒီဖောင်ထဲမှာ ကိုယ်တက် ချင်တာ ဦးစားပေး တန်းစီရေးရုံပဲ။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တွေထဲက ကိုယ့်အမှတ်မီနိုင်တာ၊ ကိုယ်တက်ချင်တာ ဒီတစ်ခုတည်းမှာ ရေးရတာ။ အခုက အရင်ကတည်းက အမှတ်မြင့်တဲ့ကျောင်းတွေ၊ ကျောင်းသားတွေ စိတ်ဝင်စားမှုများတဲ့ ကျောင်း ၁၁ ကျောင်းကို သတ်သတ်ပေး လျှောက်လိုက်တယ်။ ကြိုက်တဲ့ကျောင်း အကန့်အသတ်မရှိ လျှောက်ခွင့်ပေးတော့ ကလေးတွေက အနည်းဆုံး တစ်ယောက် လေးကျောင်းလောက် လျှောက် 

တယ်။ ဆေးနဲ့ ဆေးနှီးနွှယ်က ပုံမှန်ဝင်ခွင့် ဖောင်မှာ လျှောက်ရတော့ အဲဒီမှာလည်း လျှောက်တယ်။ အမှတ်မြင့်တဲ့ကလေးတွေက တိုက်ရိုက်ခေါ်တဲ့ ကျောင်းတွေထဲလည်း ၀င်ခွင့်ရ၊ ဆေးဘက်လည်း ၀င်ခွင့်ရတော့ လူတွေထပ်ပြီး အမှတ် ၄၂၀၊ ၄၃၀ သမားက Day ပဲ မီတော့သလို ဖြစ်နေတာ’’ဟု ရန်ကုန်တိုင်းဒေသကြီးမှ အထက်တန်းပြ ဆရာမတစ်ဦးက သုံးသပ်ပြော ကြားသည်။ 

ဝင်ခွင့်တိုက်ရိုက်ခေါ်ခြင်း၏သက်ရောက်မှု 

နှစ်စဉ် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုအမြင့်ဆုံးစာရင်းဝင် တက္ကသိုလ်များဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်၊ ရန်ကုန်နိုင်ငံ ခြားဘာသာတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာ တက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် (မန္တလေး)တို့က ယခုနှစ်တွင် ဝင်ခွင့်တိုက်ရိုက်ခေါ်ယူ သည့် စနစ်သစ် စတင်ကျင့်သုံးခဲ့ သည်။ ဇွန်လကတည်းက ၀င်ခွင့်များခေါ်ယူပြီး ယင်းတက္ကသိုလ်များအနက် တက္ကသိုလ်ခြောက်ခုက တက္ကသိုလ်ဝင် စာမေးပွဲရမှတ်သတ်မှတ်ထားသည့်အပြင် လူတွေ့စစ်ဆေးခဲ့သည်။ 

ဝင်ခွင့်လျှောက်ထားစဉ်က ကျောင်းသား၊ ကျောင်းသူတစ်ဦး လျှင် ထိုကျောင်း ၁၁ ကျောင်းအနက် နှစ်သက်ရာကျောင်းသို့ အ ရေအတွက် အကန့်အသတ်မရှိ လျှောက်ထားနိုင်ခြင်းကြောင့် တစ်ကျောင်းထက် ပို၍ ၀င်ခွင့်ရ သူများလည်း ရှိခဲ့သည်။ ဝင်ခွင့်ရသူများသည် စက်တင်ဘာ ၁၇ရက်မှ အောက်တိုဘာ ၁၇ ရက်အတွင်း ကျောင်းမအပ်ပါက တက်ရောက်ခွင့်ပြုမည်မဟုတ်ဟု ကြေညာသော်လည်း အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်လက်ခံ အပြီးတွင် တက္ကသိုလ်အချို့၌ ၀င်ခွင့်ရထားပြီး ကျောင်းလာမအပ် သူများ ရှိခဲ့သည်။ 

ရန်ကုန်တက္ကသိုလ်သို့ ဝင်ခွင့်ရရှိသည့် ကျောင်းသား၊ကျောင်းသူ ၁,၉၆၂ဦးရှိသည့်အ နက် ကျောင်းအပ်နောက်ဆုံး လက်ခံသည့်ရက်အထိ ၅၇၃ ဦး ကျောင်းအပ်နှံခြင်း မရှိခဲ့ပေ။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်သို့ ၀င်ခွင့်ရရှိသူ ၁,၀၁၇ ဦးရှိပြီး အောက်တိုဘာ ၁၇ ရက်အထိ ကျောင်းအပ်နှံသူ ၅၆၃ ဦးသာရှိခဲ့သည်။ ထို့ကြောင့် ထိုကျောင်း ၁၁ ကျောင်းက ဇွန်လအတွင်း ၎င်းတို့ထံဝင်ခွင့်လျှောက် ထားပြီး ၀င်ခွင့်အရွေးမခံရသည့် ကျောင်းသားများအနက်အချို့ကို နောက်ဆက်တွဲ ၀င်ခွင့်လက်ခံမှု များ နိုဝင်ဘာတတိယပတ်အထိ ပြုလုပ်ခဲ့သည်။ 

လူထပ်မှုပြဿနာ 

ကျောင်း ၁၁ ကျောင်းတွင်ဝင်ခွင့်ရပြီး ကျောင်းမအပ်ခဲ့သူများသည် တက္ကသိုလ်ဝင်ခွင့်ဖောင် တွင် ထည့်လျှောက်ထားသည့် တက္ကသိုလ်များတွင်လည်း ၀င်ခွင့်ရနေသည်။ ထိုသို့ တက္ကသိုလ်ဝင်ခွင့်တွင် လူထပ်မှုများကြောင့် ထိုတက္ကသိုလ် ၁၁ ခုသို့လည်း ၀င်ခွင့်မလျှောက်၊ တက္ကသိုလ်ဝင်ခွင့် ဖောင်တွင်လည်း ဆေးတက္ကသိုလ်တစ်ခုကိုသာ ဦးစားပေးလျှောက်သူများသည် တက္ကသိုလ်ဝင်ခွင့်ရ ရန် အခက်တွေ့ခဲ့ရသည်။ 

‘‘အရင် သူ့အစ်မတွေတုန်းက တော့ နဂိုမူစနစ်အတိုင်း သွားတာဆိုတော့ အဆင်ပြေခဲ့တယ်။ ဘာအခက်အခဲမှ မရှိဘူး။ မိဘလည်းဝင်ပါစရာ မလိုဘူး။ ဒီနှစ်ကတော့တော်တော်ကို အခြေအနေဆိုး တယ်၊ ကလေးချည်းပဲ လွှတ်လို့ လည်း မရဘူး။ မိဘတွေက အဆည(အဆင့်မြင့်ပညာ ဦးစီးဌာန)ကို အခေါက်ခေါက်အခါခါ သွား ရတယ်’’ဟု ဒေါ်သိင်္ဂီက ပြောပြ သည်။ 

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ် တက္ကသိုလ်များတွင် လုံး၀၀င်ခွင့်မရတော့ကြောင်း ကြားသိရချိန်တွင် တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခုသို့ လျှောက်ရန် မိဘအချို့က ကြိုးစားခဲ့သည်။ သို့သော် ဇွန်လကတည်းက ထို တက္ကသိုလ်များတွင် ၀င်ခွင့်မ လျှောက်ထားခဲ့ခြင်းကြောင့် နိုဝင်ဘာမှ ၀င်ခွင့်လျှောက်ထားမှုကို ထိုတက္ကသိုလ်များက မလက်ခံကြ ပေ။ 

‘‘ဆေးဝင်ခွင့် မရရင် ၁၁ ကျောင်း (၀င်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် ၁၁ ခု)မှာလျှောက်လို့ရမလားလို့ အခုမန္တ လေး စက်မှု (မန္တလေးနည်းပညာ တက္ကသိုလ်)ကို ရောက်နေတာ။ လျှောက်လွှာ လက်မခံပေးလို့ ဒုက္ခရောက်နေရတယ်’’ဟု မန္တလေးတိုင်းဒေသကြီးမှ ကျောင်းသား မိဘ ဦးအောင်သိန်းက နိုဝင်ဘာ ၂၃ ရက်နေ့ လယ်က 7Day အား ပြောသည်။ 

ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ်တက္ကသိုလ်များသို့ ၀င်ခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်သည် တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ်၁၁ ခုသို့ လျှောက်ခွင့်ရနိုင်မည် လား၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ၀င်ခွင့်ရွေးချယ်သည့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်များ၊ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များသို့သာ လျှောက်ခွင့်ရတော့မည် လားဟူသည့် မတင်မကျ အနေအထားကို နိုဝင်ဘာ ၂၃ ရက်အထိ ကြုံခဲ့ရသည်။ 

ပြန်လျှောက်ခွင့်နှင့် အခက်အခဲ 

နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီခန့်တွင်မှ ဆေးတက္ကသိုလ်နှင့် ဆေးနှီးနွှယ် တက္ကသိုလ်များသို့ ၀င်ခွင့်မရခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ကျော်ကို တိုက်ရိုက်ဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ် ၁၁ ခု သို့ ၀င်ခွင့်လျှောက်ထားနိုင်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနက ဆက်သွယ်အကြောင်း ကြားခဲ့သည်။ 

ထိုကျောင်းသား၊ ကျောင်းသူများသည် တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် တက္ကသိုလ် ၁၁ ခုသို့ မိမိတက်လိုသည့် ဦးစားပေးအစဉ် လိုက်အတိုင်း နိုဝင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ထပ်မံလျှောက်ထားရမည် ဖြစ်သည်။ 

သို့သော် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့သည် ၀င်ခွင့်ထပ်မံလက်မခံနိုင် တော့သောကြောင့် ထည့်လျှောက်ခွင့်မရခဲ့ဟု နိုဝင်ဘာ ၂၄ ရက်တွင် ၀င်ခွင့်သွားရောက်လျှောက်ထားသည့် ကျောင်းသားမိဘတစ်ဦးက 7Day အား ပြောကြားသည်။ 

နိုဝင်ဘာ ၂၄ ရက်မှ ၂၉ ရက်အထိ ၀င်ခွင့်လျှောက်လွှာများ ထပ်မံလက်ခံပြီးပါက တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် တက္ကသိုလ် ၁၁ ခုနှင့်ညှိနှိုင်းကာ ၀င်ခွင့်ရတက္ကသိုလ် စာရင်း ကြေညာပေးရန် အဆင့်မြင့်ပညာဦးစီးဌာနက စီစဉ်နေ သည်။ 

‘‘ဘယ်ကျောင်းကို ၀င်ခွင့်ရမလဲဆိုတာတော့တို့တွေ အဖွဲ့နဲ့၊ အဖွဲ့ဆိုတာ ကျောင်းတွေနဲ့ အကုန်လုံးစုပြီးတော့ ပြန်ပြီးတော့ စိစစ်ပြီးရွေးပေးပါမယ်။ နှုတ်ဖြေစစ်တဲ့ ကျောင်းတွေအတွက် သူတို့ကို နှုတ်ဖြေပြန်လုပ်ပေးမယ်။ပြန်လျှောက်လို့ရတဲ့ ကျောင်းအားလုံးကို တို့ဘက်ကနေ Organize လုပ်ပြီးလက်ခံပေးထားတယ်။ ဦး စားပေးအလိုက် လျှောက်၊ပြီးတော့မှ အစည်းအဝေးလေး လုပ်ပြီးတော့ လက်ခံနိုင်တဲ့ ကျောင်းအားလုံး အကုန်လုံးဆုံ ပြီးတော့ သူတို့ရဲ့(တက္ကသိုလ်များ၏)အမှတ် အကန့်အသတ်မီတဲ့လူတွေ ကိုဝင်ခွင့်ပေးသွားမှာ’’ဟု ဒေါက်တာသန်းသန်းဝင်းက ရှင်းပြသည်။ 

ထိုကျောင်း ၁၁ ကျောင်းတွင် ၀င်ခွင့်မရသူများသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦး စီးဌာနက ၀င်ခွင့်ရွေးချယ်သည့် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ၀ိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များတွင်သာ တက်ခွင့်ရမည်ဖြစ်သည်။ 

‘‘အမှန်က ကျန်နေတဲ့ ၂၁၁ယောက်က ဆေးကိုလိုချင်လို့ကို ဆေးကိုပဲ ဦးတည်ပြီး လျှောက်ကြတဲ့ ကလေးတွေချည်းပဲ။ ဒီနှစ်အတွက်ကတော့ ပညာရေးဌာန က လူတွေလည်း အလုပ်များသလို ကလေးတွေလည်း ဘ၀နဲ့ ရင်းပစ်လိုက်ရတယ်’’ဟု ဒေါ်သိင်္ဂီက ဆိုသည်။ 

တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ဝင်ခွင့်စိစစ် ရွေးချယ်ရေးအဖွဲ့က ဆောင်ရွက်ခဲ့သည်မှာ ၁၉၆၂ ခုကတည်းက ဖြစ်ပြီး ယခုနှစ်တွင် တက္ကသိုလ် ၁၁ ခုတွင်ဝင်ခွင့်တိုက်ရိုက်ကိုယ်တိုင်ရွေးချယ်သည့် စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ထိုသို့ တိုက်ရိုက်ရွေးသည့် စနစ်ကျင့်သုံးမည်ကို တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ထွက်အပြီး ဇွန်လအတွင်း ပညာရေးဝန်ကြီးဌာနက ကြေညာခဲ့ပြီး ဇွန်လတွင်ပင် ထိုတက္ကသိုလ် ၁၁ ခုက ၀င်ခွင့်စတင်ခေါ်ယူခဲ့သည်။ 

၂၀၁၅ အမျိုးသားပညာ ရေး ဥပဒေကို ပြင်ဆင်သည့်ဥပ ဒေပုဒ်မ ၁၂ တွင် ‘တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာအထက်တန်းစာမေးပွဲရမှတ်ဖြင့်သာ ဆုံးဖြတ်ခြင်း မဟုတ်ဘဲ တက်ရောက်လိုသည့်တက္ကသိုလ် ၏ပဋိညာဉ်စာတမ်း နှင့်အညီ သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့် စနစ်ကို ကျင့်သုံးရမည်’’ဟု ဖော်ပြထားသည်။ 

ဥပဒေအရ တက္ကသိုလ်အ လိုက် ရေးဆွဲထားသည့် တက္ကသိုလ်ပဋိညာဉ်များ ပြဋ္ဌာန်းပြီးမှ 

သာ ထိုပဋိညာဉ်နှင့်အညီ တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းအလိုက် တိုက်ရိုက်ရွေးချယ်ရမည် ဖြစ်သည်။ တက္ကသိုလ် ပဋိညာဉ်ကိုလည်း အဆင့်မြင့်ပညာရေးဥပဒေကို ပြဋ္ဌာန်းပြီးမှသာ ဆက်လက်ပြဋ္ဌာန်းရမည် ဖြစ်သည်။ သို့သော်အဆင့်မြင့်ပညာရေး ဥပဒေသည်လွှတ်တော်တွင် ဆွေးနွေးသည့် အဆင့်သို့ပင် မရောက်သေးသည့် အနေအထား ဖြစ်သည်။ 

အဖြေရှာရန် လိုအပ်နေဆဲ 

ထိုအနေအထားတွင် တက္ကသိုလ် ၁၁ ခုက ဝင်ခွင့်တိုက်ရိုက်ခေါ်ယူမှုသည် ဥပဒေနှင့် ညီညွတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်သူများရှိခဲ့သည်။ 

‘‘တက္ကသိုလ်က တိုက်ရိုက်ရွေးမယ်ဆိုရင် တက္ကသိုလ်ပဋိညာဉ်ကို အရင်ပြဋ္ဌာန်းရမှာ။ ဒါပေမဲ့ ကျောင်းတွေမှာက ဗဟိုအုပ်ချုပ်မှုစနစ်က ရှိနေတုန်းပဲ။ ကိုယ်ပိုင်ပဋိညာဉ်မရှိသေးဘူး။ ပေးတယ်လို့ လူအများကို မြင်စေချင်လို့ လုပ်လိုက်တဲ့သဘောပဲလို့ပဲ ထင်တယ်။ အနှစ်သာရအားဖြင့်က တော့ အရင်အတိုင်းပဲ’’ဟု ပုသိမ်တက္ကသိုလ် ကထိက ဦးသန်းထိုက် အောင်က ယခုနှစ်ဝင်ခွင့်တိုက် ရိုက်ခေါ်သည့်စနစ်အပေါ် သုံး သပ်ပြောကြားသည်။ 

ယခုနှစ်တွင် တိုက်ရိုက်ခေါ် ယူမည့် ၀င်ခွင့်စနစ်သစ်အရ ထို တက္ကသိုလ်များ တက်ရောက်ရန် စိတ်ဝင်စားသော ကျောင်းသား များအတွက် တက္ကသိုလ်ဝင် စာ မေးပွဲ အမှတ်တစ်ခုတည်းအပေါ် အားကိုးရန်မလိုဘဲ ဒုတိယအခွင့်အရေး ထပ်မံရရှိမည်ဟုမိဘများ က မျှော်လင့်ခဲ့ကြသည်။ 

တက္ကသိုလ်ဝင်ခွင့် အမှန်တကယ် ရွေးချယ်ချိန်တွင် လူတွေ့နှုတ်ဖြေစစ်ဆေးသည့် တက္ကသိုလ်များကပါ ယခင်အတိုင်း တက္ကသိုလ်ဝင်ခွင့်ရမှတ် အများ၊ အနည်း ပေါ်တွင်သာ အဓိကဆုံးဖြတ်ရွေးချယ်ခဲ့သည်။ ထို့အပြင်အမှတ်မြင့် 

သူများ တက္ကသိုလ်သုံးလေးခုတွင် ၀င်ခွင့်ရကာ တက္ကသိုလ်၏ သတ်မှတ်လူဦးရေပြည့်သွား၍ အမှတ်တစ်မှတ်၊ နှစ်မှတ်ကွာသော်လည်း ၀င်ခွင့်မရသော နောက်ဆက်တွဲ ပြဿနာကိုပါ ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ 

‘‘ဒီ Plan လုပ်တဲ့အခါကျရင် Outcome တွေထွက်လာတတ်တယ်။ ဒီ Outcome တွေမှာ ဖြစ်ရပ်တွေမှာ ထည့်မစဉ်းစားလို့ ဒါတွေဖြစ်သွားတာ။ ကျောင်းသားက ထပ်သွားတာကိုး။ တာဝန်ရှိ ပုဂ္ဂိုလ်များက တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသော ကျောင်းသား၊ကျောင်းသူများကို မနစ်နာရ အောင် ဘက်စုံစဉ်းစားပေးဖို့ လိုအပ်ပါတယ်။ ဖြစ်လာတဲ့ နောက်ဆက်တွဲ ကိစ္စတွေကို ထောင့်စုံဘက်စုံ ထည့်စဉ်းစားမှသာလျှင် ဒီကိစ္စက ပြေလည်မယ်’’ဟု ကောင်းစုံကိုယ်ပိုင်ကျောင်းပိုင်ရှင် သင်္ချာသန်းနိုင်က မှတ်ချက်ပြုသည်။

7Day

0 comments:

Post a Comment