ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ် ၃၅ ခု ခွင့်ပြုသွားမည်ဖြစ်ပြီး မဏ္ဍပ် ဆောက်လုပ်မည့်သူများ လျှောက်လွှာများ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးသန်းက ပြောကြားသည်။
“စည်းမျဉ်းတွေကတော့ မနှစ်က ၄၅ ချက်ပါပဲ ထပ်တိုးတာ မရှိပါဘူး။ မနှစ်ကလိုပဲ လမ်းလျှောက်သင်္ကြန် ပါမယ်။ ရေကစားမဏ္ဍပ်တွေ ပါမယ်။ လမ်းလျှောက်သင်္ကြန်ကို နေရာ တစ်နေရာ တိုးခွင့်ပြုထားတာ ရှိပါတယ်။ အင်းလျားလမ်း အပေါ်ပိုင်းကနေ စိမ်းလန်းစိုပြေအထိကို လမ်းလျှောက်သင်္ကြန် ပါမယ်။ မြကျွန်းသာထဲမှာ လမ်းလျှောက်သင်္ကြန် တစ်ခုရှိမယ်။ မဏ္ဍပ် ၃၅ နေရာ ခွင့်ပြုထားပါတယ်” ဟု ဦးသန်းက ပြောကြားသည်။
အဆိုပါ မဏ္ဍပ် ၃၅ ခုအား ယခင်နှစ်တွင် ခွင့်ပြုခဲ့သည့် လမ်းကြောင်းအတိုင်း ခွင့်ပြုရန် လျာထားကြောင်း၊ မဏ္ဍပ် မဆောက်လုပ်ရသည့် နေရာများသည် ကန်တော်ကြီးပတ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း တို့ဖြစ်ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်းသည် အင်းလျားလမ်း မီးပွိုင့်မှ ကုက္ကိုင်းတံတားအထိ ခွင့်မပြုကြောင်း ဦးသန်းက ပြောကြားသည်။
“ မဏ္ဍပ် လျှောက်လွှာတွေကို မတ် ၄ ရက်ထဲက လာယူဖို့ ပြောထားပြီ၊ လမ်းတံတားဌာနမှာ လာယူလို့ရပြီ၊ သတင်းစာထဲမှာတော့ မတ် ၆ ရက်လောက်မှာ ပါလာမယ်။ မဏ္ဍပ်ဆောက်လုပ်ခွင့် လျှောက်ထားလိုသူများက သတ်မှတ်ပုံစံကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းတံတား) မှာ ရယူနိုင်ပြီ ဖြစ်ပါတယ်။ နောက်ဆုံးထား လျှောက်ထားဖို့ ကတော့ မတ် ၂၀၊ ၂၅ လောက်ပေါ့၊ အတိအကျတော့ မသတ်မှတ်ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မတ်လမကုန်မီ စိစစ် ချပေးလိုက်မယ်။ ဒါမှ ဧပြီလဆန်းမှာ မဏ္ဍပ်တွေ ဆောက်လုပ်လို့ရမှာ ဖြစ်တယ်” ဟု ဦးသန်းက ပြောကြားသည်။
ယခင်နှစ် ရန်ကုန်တိုင်းသင်္ကြန်တွင် မဏ္ဍပ် ၉၀ ကျော် ခွင့်ပြုမည်ဟု ကြေညာခဲ့သော်လည်း မဏ္ဍပ် ၃၀ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။
ယခင်နှစ်တွင် ရေကစားမဏ္ဍပ်များ လျှောက်ထားသူများအတွက် သတ်မှတ်ခဲ့သည့် စည်းကမ်းချက် ၄၅ ချက်အချို့သည် ဖျော်ဖြေရေးမဏ္ဍပ်၊ ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ် ဟူ၍ မဏ္ဍပ်အမျိုးအစား ခွဲခြား လျှောက်ထားနိုင်ကြောင်း၊ ရေကစားမဏ္ဍပ် ဆောက်လုပ်ခွင့် မပြုသော လမ်းများသည် ကမ္ဘာအေးဘုရားလမ်း၊ ကန်တော်ကြီးပတ်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း (ကမ္ဘာအေးဘုရားလမ်းနှင့် အင်းလျားလမ်းကြား)၊တို့ ဖြစ်ပြီး မဏ္ဍပ်များသည် မီးပွိုင့်လမ်းဆုံမှ ပေ ၃၀၀ အတွင်း တည်ဆောက်ရမည်ဖြစ်ပြီး မဏ္ဍပ်တစ်ခုနှင့် တစ်ခုသည် ပေ ၂၀၀ အကွာတွင် ဆောက်လုပ်ရမည် ဖြစ်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment