Tuesday, March 5, 2019

ပခုက္ကူတက္ကသိုလ်အတွင်း ကျင်းပသည့် ကျောင်းတွင်းသင်္ကြန်ပွဲတွင် ခိုက်ရန်ဖြစ်ပွားရာမှ ကျောင်းသားနှစ်ဦးအရိုက်နှက်ခံရပြီး ကျောင်းသားတစ်ဦး ဓားခုတ်ခံရ



ပခုက္ကူတက္ကသိုလ်အတွင်း ယခုမတ် ၅ ရက်ကကျင်းပသည့် ကျောင်းတွင်းသင်္ကြန် ပွဲတွင် ခိုက်ရန်ဖြစ်ပွားရာမှ ကျောင်းသားနှစ်ဦး အရိုက်နှက်ခံရပြီး ကျောင်းသားတစ်ဦး ဓားခုတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း ကျောင်းတွင်းတာဝန်ရှိသူများထံမှ သိရသည်။ 
ပခုက္ကူတက္ကသိုလ်အတွင်း သတ္တဗေဒ၊ ရူပဗေဒ၊ အရှေ့တိုင်း၊ ဒဿနိနှင့် ပထဝီ ဘာသာရပ်များမှ ကျောင်းတွင်းသင်္ကြန်ပွဲ အား မတ် ၅ ရက် နံနက်ပိုင်းက ကျင်းပရာ တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် လိုက်ပါလာသည့် ထူးကြီး (ပခုက္ကူမြို့နယ်၊ ဆယ်ရွာနေ) ဆိုသူတို့က ကျောင်းသားများအား လိုက်လံရိုက်နှက်၍ ဓားနှင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ 

ကျောင်းတွင်းသင်္ကြန်ပွဲတွင် ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်တွင် ရူပဗေဒဘာသာရပ်မှ ကျောင်းသားနှစ်ဦး ရိုက်နှက်ခံရကာ တစ်ဦးမှ ဦးခေါင်းပေါက်ပြဲ၍ ငါးချက်ချုပ်ခဲ့ရပြီး ကျန်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်း သိရသည်။ 

“ကျောင်းသားတစ်ဦးနဲ့ အတူပါလာ တယ်။ သူတို့က ပထမဆုံး Physics မေဂျာ သင်္ကြန်ပွဲသွားပြီး ရန်ဖြစ်တယ်။ ကျောင်းသား နှစ်ဦးကို ပုလင်းနဲ့ရိုက်ခဲ့တယ်။ တစ်ဦးကငါးချက် ချုပ်ရတယ်။ တစ်ဦးကတော့ မချုပ်ရဘူး။ အဲဒီနောက် Zolo မေဂျာသင်္ကြန်ပွဲကို ထပ်သွားပြီး ပြဿနာရှာတယ်။ အဲဒီမှာ ကျောင်းသားတစ်ဦးကို အပြင်လူက ဓားနဲ့ ခုတ်တယ်။ နောက်ကျောထိသွားပြီး ဆေးရုံတင်လိုက်ရတယ်။ အသက်အန္တရာယ် မစိုးရိမ်ရဘူး။ ကျူးလွန်သူက အရင်ကလည်း ကျောင်းကို ဓားကိုင်ဝင်ဖူးတယ်။ ဥပဒေအရ ထိထိရောက်ရောက်အရေးယူဖို့ ဆက်လုပ်သွားမယ်” ဟု ပခုက္ကူတက္ကသိုလ်မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။ 

အဆိုပါဖြစ်စဉ် နှင့်ပတ်သက်၍ ပခုက္ကူ တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ “ဘာသာရပ်များရဲ့ ရေကစားပွဲတော်တွေမှာ တက္ကသိုလ်ကျောင်းသားကျင့်ဝတ် သိက္ခာနဲ့ မညီတဲ့ ရန်ပွဲများဖြစ်ပွားခဲ့ပါသည်။ ရန်ဖြစ်သည်သောလုပ်ရပ်ဟာ နိုင်ငံကြီးသား မပီသကြလို့ပါ။ တက္ကသိုလ်ကျောင်းသားတွေအတွက် ကျောင်းသင်္ကြန်လုပ်တယ်ဆိုတာ ပျော်ပျော်ပါးပါး ရေကစားရင်း နွေရာသီ ကျောင်းပိတ်ရင်ခွဲခွာရမယ့် သူငယ်ချင်းတွေအတွက် အတာရေနဲ့ နှုတ်ဆက်ခြင်းဖြစ်ပါ တယ်။ လွတ်လွတ်လပ်လပ် အရက်၊ ဘီယာ မူးပြီးဓားကိုင်ရမ်းကားဖို့ မဟုတ်ပါဘူး။ တက္ကသိုလ်ကျောင်းသားတွေက ဓားကိုင်ပြီး ဓားနဲ့ထိုးတယ်။ ဘီယာပုလင်းကိုင်ပြီး လမ်းမပေါ်မှာ ပေါ်ပေါ်တင်တင် မော့သောက်တာဟာ ရှက်ဖွယ်လိလိ ကိစ္စရပ်ပါ။ လက်တစ်ဖက်က အုပ်ခဲကျိုးနဲ့ လက်တစ်ဖက်က ကနေတယ်။ မေဂျာသင်္ကြန်ပွဲတွေမှာ လက်သီးနဲ့ ထိုးတယ်ဆိုတာ ယဉ်ကျေးသောအပြုအမူလို့တောင် ပြောရမယ့် အနေအထားဖြစ်နေပါပြီ။ မေဂျာသင်္ကြန်ပွဲတွေကို အရုပ်ဆိုး အကျည်းတန်စေသော ရန်ဖြစ်တဲ့သူတွေ အားလုံးကို ရှုတ်ချပါသည်။ သူတစ်ပါးတစ် ဖက်သားကို ဒုက္ခပေးတဲ့ပျော်ရွှင်မှုမျိုး။ ငြိမ်းချမ်းမှုမပါတဲ့ ပျော်ရွှင်မှုတွေလိုပဲ။ အတာရေမဟုတ်တော့ဘူး ယမကာရေနဲ့ပျော်နေကြတာပဲ ဖြစ်ပါတယ်။ ရန်ဖြစ်တယ်ဆိုတာ အဖျက်သဘောနဲ့ ထင်ပေါ်ကျော်ဇောလိုတဲ့ စိတ်ကြောင့်ဆိုရင် မိဘဆရာသမားတွေရော ပညာသင်ကြားပေးနေသော မိခင်ဘာသာ ရပ်ဌာန၊ မိခင်ကျောင်းတော်ကြီးရဲ့ ပုံရိပ်ကို ထိခိုက်သွားခဲ့ပါပြီ” ဟု Facebook စာမျက်နှာတွင် ထုတ်ပြန်ခဲ့သည်။ 


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပခုက္ကူ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းရာ အရာရှိ တစ်ဦးက လက်ရှိအချိန်ထိ အမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်းနှင့် ဖြစ်စဉ်အား စောင့်ကြည့်စစ်ဆေးနေကြောင်း ပြောကြားသည်။ 

Eleven Media Group

0 comments:

Post a Comment