Thursday, March 28, 2019

ကျပ်သန်း ၂၀ ကျော် အကုန်အကျခံ ပြင်ဆင်နေသော ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန်စီစဉ်


ကျပ်သန်း ၂၀ ကျော် အကုန်အကျခံ ပြင်ဆင်နေသော ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ဇူလိုင်လတွင် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း သိရသည်။ ဝန်ကြီးများရုံးတွင် အသစ်ဖွင့်လှစ်မည့် ယဉ်ကျေးမှုခန်းမဆောင် အသစ်တွင် ဝန်ကြီးများရုံးပြတိုက်ကို ဖွင့်လှစ်သွားမည်ဖြစ်ပြီး လွှတ်တော်ပြခန်း တစ်ခန်း၊ အာဇာနည် ခေါင်းဆောင်ကြီးများပြခန်း တစ်ခန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 
အဆိုပါပြတိုက်ကို လာမည့် ဇူလိုင်လတွင် ဖွင့်လှစ်ရန် ခန့်မှန်းထားပြီး ပြင်ဆင်စရိတ်ငွေမှာ ကျပ်သန်း၂၀ ကျော် အကုန်ကျခံ ပြင်ဆင်ထားကြောင်း ဝန်ကြီးများရုံးဟောင်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ 

“ခုခေတ် လူငယ်တွေ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနဲ့ ပတ်သက်လို့ မသိတဲ့သူတွေ များနေပြီ။ ဒါကြောင့်လည်း ဒီပြတိုက်ကို ဖွင့်လှစ်ဖို့ လုပ်တာပါ။ ဒီပြတိုက်ထဲမှာ အဓိက ပြခန်းနှစ်ခန်း ပါမယ်။ ပြင်ပက ပွဲစီစဉ်သူတွေအနေနဲ့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်တဲ့ ပြခန်းတွေ၊ ဟောပြောပွဲတွေ လုပ်တဲ့အခါမှာလည်း ခွင့်ပြုပေးမယ်။ လောလောဆယ်တော့ ဘယ်အဖွဲ့အစည်းနဲ့မှ စာချုပ် ချုပ်ဆိုထားတာတွေ မရှိသေးပါဘူး”ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။ 

ပြတိုက်ကို လာရောက် ကြည့်ရှုသူများအနေဖြင့် သင့်တင့်သော ဝင်ကြေးကို ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။ 

“ဝန်ကြီးများရုံး ယဉ်ကျေးမှုပြတိုက်ကို ပြင်ဆင်နေတာ တော်တော်ပြီးနေပါပြီ။ ရာခိုင်နှုန်းအနေနဲ့ ၉၀ ရာခိုင်နှုန်းလောက် ပြီးနေပြီ။ ကျန်တဲ့ ပြခန်းအပိုင်းလေးတွေ ရှိနေသေးလို့ ပါ။ ဒီနှစ်ထဲလောက် ဖွင့်ဖြစ်နိုင်အောင် ကြိုးစားသွားမှာပါ။ အစောဆုံး ဇူလိုင်လလောက် မှန်းထားတယ်။ ပြတိုက်ကိုလာရောက် ကြည့်ရှုသူတွေကိုတော့ သင့်တင့်တဲ့ ဝင်ကြေး ကောက်ခံသွားမယ်ဆိုပေမဲ့လည်း ပြတိုက် ကုန်ကျစရိတ်တွေ အတိုးအရင်း ကျေဖို့အတွက်ကတော့ နှစ် ၃၀ လောက် ကြာဦးမှာပါ”ဟု ၎င်းက ပြောကြားသည်။ 

ဝန်ကြီးများရုံးဟောင်းကို မြန်မာ့သမိုင်းတွင် အကြီးအကျယ် အခမ်းနားဆုံးသော ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံရှိ အများပြည်သူများနှင့် အဖွဲ့အစည်းများ လာရောက်လေ့လာ လည်ပတ်နိုင်သော နေရာတစ်ခု ဖြစ်လာစေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ဝန်ကြီးများရုံးသည် စီးပွားရေး၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် ပညာရေးကဏ္ဍမျိုးစုံ ပေါင်းစုံရာ ဗိသုကာ လက်ရာမွန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။ 

Eleven Media Group

0 comments:

Post a Comment