Thursday, March 28, 2019

အစိုးရတစ်ရပ် အနေဖြင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းမှာ မလုပ်သင့်သည့် ကိစ္စတစ်ရပ်ဖြစ်ကြောင်း စည်ပင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ပြောကြား

အစိုးရတစ်ရပ် အနေဖြင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းသည် မလုပ်သင့်သည့် ကိစ္စတစ်ရပ် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။ 
“အစိုးရတစ်ရပ်ရပ် အနေနဲ့ ပါတီတစ်ခုကို ဒီပါတီကို မဲပေးပါဆိုတာက လုပ်လို့မရဘူး။ မလုပ်သင့်တဲ့ ကိစ္စတစ်ခုပေါ့။ တကယ်လို့ လုပ်ခဲ့တယ်ဆိုရင်လည်း မလုပ်သင့်တဲ့ကိစ္စ ဖြစ်နေတယ်။ ကျွန်တော်တို့ ကော်မရှင်အနေနဲ့ကတော့ ကျွန်တော်တို့ကို တင်ပြလာခြင်းလည်း မရှိပါဘူး။ ညှိနှိုင်းခြင်းလည်း မရှိပါဘူး” ဟု ဦးအောင်ခိုင်က ပြောကြားသည်။ 

မတ် ၂၆ ရက်တွင် Yangon Region Government Facebook စာမျက်နှာတွင် စည်ပင်ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD ပါတီအတွက် မဲဆွယ်စည်းရုံးခဲ့ခြင်းကို ကော်မရှင်အနေဖြင့် သိရှိခဲ့ခြင်း မရှိကြောင်း၊ ယခုကိစ္စ အခြားသူပြောမှ သိရှိကြောင်း၊ ချက်ချင်းပြန်လည် ဖြုတ်ချခဲ့သည်ကိုလည်း သတင်းကြားရကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။ 

“အစိုးရအဖွဲ့က လူကြီးတွေကလည်း ဒီကိစ္စကို မသိဘူးဗျ။ အခြားတစ်ယောက်ယောက်က တင်လိုက်တဲ့ သဘောမျိုးလား မသိဘူး” ဟု ဦးအောင်ခိုင်က ပြောကြားသည်။ 

ယခုဖြစ်စဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် တရားဝင်သိရှိခြင်း မရှိဘဲ သတင်းမီဒီယာများ၏ ပြောကြားချက်မှတစ်ဆင့် သိရှိသဖြင့် မှတ်ချက်ပေး ပြောကြားလိုခြင်း မရှိကြောင်း၊ Yangon Region Government Facebook စာမျက်နှာတွင် တင်ထားသည့် ဗီဒီယိုဖိုင်အား ပြန်လည် ဖြုတ်ချသွားပြီဖြစ်ပြီး အကြီးအကဲများ မသိရှိဟု ယူဆရကြောင်း ဦးအောင်ခိုင်က ပြောကြားသည်။ 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ Facebook စာမျက်နှာ တစ်ခုဖြစ်သော Yangon Region Government Facebook စာမျက်နှာတွင် မတ် ၂၆ ရက် ညပိုင်းက “ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ၃၃ မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများကို ပြည်သူများရဲ့ ညီညွတ်မှုအင်အားဖြင့် ကြီးမားတဲ့ အပြောင်းအလဲတစ်ခု ဖြစ်စေဖို့ မဲဆန္ဒရှင် ပြည်သူများ မပျက်မကွက် မဲရုံသို့သွားပြီး NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများကို မဲပေးကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်” ဟု စာသားနှင့်အတူ NLD စည်ပင်သာယာရေး ကိုယ်စားလှယ်လောင်းများ မဲဆွယ်နေသည့် ဗီဒီယိုဖိုင် တင်ထားခဲ့ခြင်းအပေါ် ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ယင်းဗီဒီယိုဖိုင်ကို မတ် ၂၇ ရက်တွင် ပြန်လည် ဖြုတ်ချခဲ့ကြောင်း သိရသည်။ 

ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲကို စည်ပင်နယ်နိမိတ် ၃၃ မြို့နယ်၌ မတ် ၃၁ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး မဲပေးပိုင်ခွင့်ရှိသူ ၃ ဒသမ ၄ သန်းရှိပြီး မဲရုံပေါင်း ၂၈၇၉ ရုံရှိကြောင်း၊ ရွေးကောက်ပွဲ အနိုင်ရလဒ်ကို ဧပြီ ၇ ရက် နောက်ဆုံးထား ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

0 comments:

Post a Comment