Sunday, March 10, 2019

နှစ်ရက်အတွင်း ရန်ကုန်မြို့၌ Level – 3 အဆင့် မီးလောင်ကျွမ်းမှု နှစ်ကြိမ် အပါအဝင် မီးလောင်ကျွမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စက်ရုံတစ်ရုံ၊ ဈေးဆိုင်ခန်း ၂၀ နှင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံး


မတ် ၉ ရက်မှ ၁၀ ရက်အထိ နှစ်ရက်အတွင်း ရန်ကုန်မြို့၌ Level – 3 အဆင့် မီးလောင်ကျွမ်းမှု နှစ်ကြိမ်အပါအဝင် မီးလောင်ကျွမ်းမှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး စက်ရုံတစ်လုံး၊ ဈေးဆိုင်ခန်း ၂၀ နှင့် နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ 
မီးလောင်မှုဖြစ်ပွားခဲ့သည့် မြို့နယ်များမှာ လှိုင်သာယာမြို့နယ်တွင် Level – 3 အဆင့် မီးလောင်ကျွမ်းမှု နှစ်ကြိမ်နှင့် မြောက်ဥက္ကလာပမြို့နယ်တွင် Level – 2 အဆင့် မီးလောင်ကျွမ်းမှုတစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မီးလောင်မှုဖြစ်စဉ်များမှာ မတ် ၉ ရက် ညနေပိုင်းတွင် လှိုင်သာယာမြို့နယ် စက်မှု (၁)၊ ပန်းလှိုင်ဂေါက်ကွင်းလမ်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုအား မီးသတ်ကား ထွက်ခွာငြှိမ်းသတ်သည့်အဆင့် Level – 3 သတ်မှတ်၍ မြို့နယ်အသီးသီးမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၄၉ စီး၊ ရေသယ်ယာဉ် ၁၁ စီး၊ အထောက်အကူပြုယာဉ် ခြောက်စီး ကွပ်ကဲမှုယာဉ် ရှစ်စီးဖြင့် ငြှိမ်းသတ်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ၀ါကြမ်းခင်း နေအိမ် ၉၉ လုံး၊ အိုးအိမ်ဦးစီးဌာနဈေးအတွင်းရှိ သွပ်မိုးပျဉ်ကာ ကွန်ကရစ်ခင်းဈေးဆိုင်ခန်း ၂၀ မီးလောင်ဆုံးရှုံးခဲ့ပြီး နှစ်ထပ်တိုက်တစ်လုံး မီးဟပ်ခံရကြောင်း သိရသည်။ မီးလောင်မှုကြောင့် မီးသတ်တပ်ဖွဲ့ဝင်သုံးဦး အပြင် အရပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး မီးဘေးဒုက္ခသည်များအား လှိုင်သာယာမြို့နယ် ညောင်ကျေးရွာ ပိတောက်လမ်းရှိ အောင်မင်္ဂလာဘုန်ကြီးကျောင်းတွင် ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားရှိထားကြောင်း သိရသည်။ မီးလောင်မှုအကြောင်းရင်းမှာ ဂဟေဆော်ရမှတစ်ဆင့် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း ကနဦးသိရပြီး မီလောင်မှုနှင့်ပတ်သတ်ပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့သည့်နေအိမ်မှ ပိုင်ရှင်ဖြစ်သူအား အရေးယူထားကြောင်း သိရသည်။ 

ထိုပြင် Level – 3 အဆင့် မီးလောင်ကျွမ်းမှုတစ်ခုမှာ မတ် ၁၀ ရက် နံနက် ၃ နာရီ ခန့်က လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန် ဆရာရှမ်းလမ်းရှိ King Foam Industrial Co. Ltd ရော်ဘာ၊ ဆိုးပြားနှင့် ပိတ်များကို ကော်နှင့်ကပ်၍ စက်နှင့်ကြိတ်ပြီး ဖိနပ်ကုန်ကြမ်းထုတ်လုပ်သည့် စက်ရုံတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မီးလောင်မှုကို မီးသတ်ကားထွက်ခွာငြှိမ်းသတ်သည့်အဆင့် Level – 3 သတ်မှတ်၍ မြို့နယ်အသီးသီးမှ မီးငြှိမ်းသတ်ယာဉ် စုစုပေါင်း ၄၇ စီး၊ ရေသယ်ယာဉ် ၁၂ စီး၊ အထောက်အကူပြုယာဉ် သုံးစီး၊ ကွပ်ကဲမှုယာဉ် ခုနစ်စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ မီးလောင်မှုကြောင့် King Foam Industrial Co. Ltd ရှိ သွပ်မိုး၊ ကွန်ကရစ်ခင်း Steel Structure တစ်ထပ်နှစ်လုံးနှင့် ဖိနပ်ကုန်ကြမ်းထုပ်လုပ်သည့် ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။ 

အဆိုပါမီးလောင်မှုနှင့်ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး၊ အရေးယူခံရသူနှင့် (ပ) နံပါတ်တို့မှာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ 

အလားတူ မတ် ၁၀ ရက် နံနက် ၈ နာရီ ကျော်ခန့်က မြောက်ဥက္ကလာပမြို့နယ် မေဓါဝီ (ဆ) ရပ်ကွက် ကရဝိက် (၂) လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်းမှုကို မီးသတ်ကားထွက်ခွာငြှိမ်းသတ်သည့် အဆင့် (၂) သတ်မှတ်၍ မြို့နယ်အသီးသီးရှိ မီးသတ်စခန်းများမှ စုစုပေါင်းမီးငြှိမ်းသတ်ယာဉ် ၂၇ စီး၊ အထောက်အကူပြုယာဉ် လေးစီး၊ ရေသယ်ယာဉ် ငါးစီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃၀၀ ကျော်ဖြင့် ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။ 

မီးလောင်မှုကြောင့် မြောက်ဥက္ကလာပမြို့နယ် မေဓါဝီ (ဆ) ရပ်ကွက်၊ ကရဝိက် (၂) လမ်းရှိ နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ 

မီးလောင်မှုနှင့်ပတ်သက်ပြီး ဆုံးရှုံးမှုတန်ဖိုး၊ အရေးယူခံရသူနှင့် (ပ) နံပါတ်တို့မှာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။ 

Eleven Media Group

0 comments:

Post a Comment