Sunday, March 10, 2019

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းကို AA အဖွဲ့က နှောင့်ယှက်တိုက်ခိုက်၊ သောင်းကျန်းသူနှိမ်နင်းရေးစစ်ဆင်ရေးအား ထိရောက်စွာ ဆက်လက်ဆောင်ရွက်သွားမည်ဟု တပ်မတော် သတင်းထုတ်ပြန်




မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုး တည်ဆောက်ရေးလုပ်ငန်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးအား ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားမည်ဟု မတ် ၁၀ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။ 
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုး နယ်စပ်မှတ်တိုင် အမှတ် ဘီပီ-၆၇ နှင့် ဘီပီ-၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်း နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မတ် ၉ ရက် မွန်းလွဲပိုင်းတွင် AA အဖွဲ့မှ အင်အား ၂၀၀ ခန့်က နေရာများ ဖြန့်ခွဲ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှတစ်ဆင့် နှောင့်ယှက် တိုက်ခိုက်မှုများ ပြုလုပ်လာခဲ့သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ နှောင့်ယှက်တိုက်ခိုက်လာခဲ့သဖြင့် ဆောက်လုပ်ရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်းများ နှောင့်ယှက် ဖျက်ဆီးမခံရစေရေး၊ ဆောက်လုပ်ရေး လုပ်သားများ ဘေးအန္တရာယ် ကင်း ရှင်းစေရေးအတွက် ပြန်လည်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ထိတွေ့မှုများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ 

ဖြစ်စဉ်အတွင်း နယ်စပ်ခြံ စည်းရိုးကာရံခြင်း လုပ်ငန်းများ ဆောင်ရွက်နေသည့် ဆောက်လုပ်ရေး လုပ်သားများ လုံခြုံရေးအတွက် လက်ရှိလုပ်ငန်းခွင်မှ လုံခြုံသော နေရာသို့ ရွှေ့ပြောင်းခဲ့ရပြီး သယ်ဆောင် ခြင်းမပြုနိုင်သော ခြံစည်းရိုးလုပ်ငန်း သုံး စက်ယန္တရားများကို လုပ်ငန်းခွင်နေရာတွင် ထားခဲ့ရကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။ 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား တရားမဝင်လူများ ခိုးဝင်၊ ခိုးထွက် မရှိစေရေး၊ ဒေသခံ တိုင်းရင်းသားများ၏ လုံခြုံရေး၊ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးတို့အတွက် ၂၀၁၀ ပြည့်နှစ်မှ စတင်၍ အဆင့်လေးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိအချိန်အထိ နယ်စပ်ခြံစည်းရိုး မိုင်တိုင်အမှတ် ၆၇ အထိ ၁၂၉ ဒသမ ၁၅ မိုင် ဆောင်ရွက် ပြီးစီးပြီ ဖြစ်သည်ဟု တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခဲ့သည်။ 

ထိုသို့ မြန်မာနိုင်ငံ၏ အနောက်ဘက်တံခါး လုံခြုံရေးနှင့်ဒေသခံ တိုင်းရင်းသားများ လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများအား ဆောင်ရွက်နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအား AA အကြမ်း ဖက်သောင်းကျန်းသူ အဖွဲ့များက ယခုကဲ့သို့ နှောင့်ယှက်တိုက်ခိုက် ခြင်းများ ဆောင်ရွက်လာခြင်းသည် နိုင်ငံတော်၏ နယ်မြေပိုင်နက် လုံခြုံရေး၊ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရေးတို့အား နှောင့်ယှက်ဖျက်ဆီးခြင်း ဖြစ်သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေးကို ထိရောက်စွာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်း ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။ 

Eleven Media Group


0 comments:

Post a Comment