One Belt One Road စီမံကိန်းနှင့် ချိတ်ဆက်မည့် မူဆယ် - မန္တလေးရထားလမ်း လေ့လာဆန်းစစ်မှုကို ယခုနှစ်ကုန်တွင် အပြီး သတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာပြည်ရုံး) မှ သိရသည်။ တရုတ်ပြည်သူ့သမ္မတ နိုင်ငံနယ်စပ် Ruli East Railway ဘူတာမှ တစ်ဆင့် မြန်မာနိုင်ငံ မူဆယ် - လားရှိုး - ကျောက်မဲ -ပြင်ဦးလွင် မှတစ်ဆင့် မန္တလေးသို့ ရောက်ရှိမည့် အရှည် ၄၃၁ ကီလိုမီတာ(မိုင် ၂၇၀) ခန့်ရှိသော ရထားလမ်းသစ် ဖောက်လုပ်ရန် တရုတ်ကုမ္ပဏီတစ်ခုနှင့် မြန်မာ့မီးရထားတို့မှ ပူးပေါင်း၍ လေ့လာဆန်းစစ်မှုများ ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည်ဖြစ်ကာ ၂၀၂၀ တွင် လုပ်ငန်းစတင်ရန် ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း သိရသည်။
“ဒီရထားလမ်းဖောက်တာ မြန်မာနိုင်ငံအတွက် အများကြီး အကျိုးရှိပါတယ်။ ပြီးတော့ ရထားလမ်းက ကီလို ၄၀၀ ကျော် လောက် ရှည်တယ်။ မူဆယ်ကို ကုန်ပစ္စည်းတွေ ပို့တဲ့အခါ ကားလမ်းတွေက မြင်တဲ့အတိုင်းပဲ တော်တော်ကျပ်တယ်။ ရထားလမ်းက နှစ်ဖက်မျှသွားပြီ။ ကားလမ်းမှာ သွားမကျပ်တော့ဘူး။ ခရီးသည် ၁၆၀ လောက်တင်ရင် ကုန်က ၁၂၀ လောက် တင် လို့ရတယ်။ အများကြီးဆံ့တယ်”ဟု မြန်မာ့မီးရထား(အောက်မြန်မာပြည်ရုံး)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အစိုးရအနေဖြင့် OBOR တွင် ပါဝင်မည်ဆိုပါက နောင်တစ်ချိန်တွင် မဖြင်ဖူးသည့် မီးရထားလမ်း၊ ကားလမ်း အစရှိသည့် လမ်းပန်း ဆက်သွယ်ရေးများ၊ စီးပွားရေးလုပ်ငန်းများ ရရှိလာမည့်အပြင် အဓိက အချက်အချာကျသည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းကိုပါ အသုံးချနိုင်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတတ်လာနိုင်ကြောင်း သိရသည်။
ထို့အပြင် One Belt One Road တွင် ပါဝင်သည့် ကျောက်ဖြူအထူးစီးပွားရေး ဇုန်စီမံကိန်းစတင်ပါက ကျောက်ဖြူမှ တရုတ်ပြည် နယ် ကူမင်းမြို့အထိကို ရထားလမ်းဖောက်လုပ်ရန် စီမံကိန်းရေးဆွဲထားကြောင်းလည်း သိရသည်။
စုသက်နှင်း (အကုန်သိ သတင်းဌာန)







0 comments:
Post a Comment