Tuesday, October 30, 2018

နိုင်ငံရေးအာမခံချက်ရမှ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ဆောင်ရွက်မည်ဟု အစိုးရကိုယ်စားလှယ်ရှင်းလင်း

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း (DDR/SSR) လုပ်ငန်းစဉ်ကို ချက်ချင်းလုပ်ဆောင်ရန်မလိုဘဲ နိုင်ငံရေးအာမခံချက် ရရှိမှသာ ဆောင်ရွက်ရမည်ဟု အစိုးရကိုယ်စားလှယ် ဦးဇော်ဌေးက ပြောကြားသည်။ 
NCA လက်မှတ်ထိုး အဖွဲ့အစည်းတစ်ခု ဖြစ်သော ရှမ်းလက်နက်ကိုင် အဖွဲ့ (RCSS)က လုံခြုံရေးကဏ္ဍတွင် အားလုံးသဘောတူညီသည့် ဆွေးနွေးချက်ရလဒ် များ ရရှိသည်အထိ မဆွေးနွေးနိုင်သရွေ့၊ နိုင်ငံတော်ကာကွယ် ရေးဆိုင်ရာ ကဏ္ဍအသီးသီးနှင့် ဖွဲ့စည်းပုံ အဆင့်ဆင့်များအပေါ် အားလုံးသဘောတူညီမှု မရရှိသေးသရွေ့ တစ်ခုတည်းသော တပ်မတော်ထားရှိရေးမူ ချမှတ်ရေးကို မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အ ပေါ် ဦးဇော်ဌေးက အောက်တိုဘာ ၂၉ ရက် နေပြည်တော်သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်းခဲ့သည်။ 

RCSS ထုတ်ပြန်ချက်ကိစ္စသည် ကြီးမားသော အဟန့်အတားမဟုတ်ဘဲ ယင်းအဖွဲ့၏ စိုးရိမ်ချက်ကိုလည်း နားလည်ပေးရန်လိုအပ် သည် ဦးဇော်ဌေးက ပြောသည်။ 

‘‘တပ်မတော်ဘက်က ပြောနေတာက အခုချက်ချင်းလက်ငင်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း DDR/ SSR လုပ်လို့ပြောတာမဟုတ်ဘူး။ ဒီအာမခံချက် ရသွားတဲ့အချိန်မှာ ပေါင်းစည်းခြင်းလုပ်ရမှာ’’ဟု ၎င်းကဆို သည်။ 

တစ်ခုတည်းသော တပ်မတော်ထားရှိရေးကိစ္စကို နိုင်ငံတကာ ကျင့်သုံးမှု ပုံစံအရ မူအားဖြင့်လက်ခံကြောင်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ပြောကြားထားသည်။ 

‘‘တပ်မတော်ကို ပေါင်းစည်းဖို့ ဘယ်လိုပေါင်းစည်းမလဲဆိုတဲ့ဟာက တစ်ဖက်မှာ နိုင်ငံရေးအာမခံချက်တွေရပြီဆိုတဲ့နေ့ ဒီဘက်မှာ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းဖို့ဆိုတာ သဘောတူပြီးသား။ အဲဒါကို စဆွေးနွေးဖို့။ အရင်တုန်းက ဆွေးနွေးလို့ကို မရဘူး’’ဟု ဦးဇော်ဌေးက ဆိုသည်။ 

အောက်တိုဘာ ၁၅ ရက်၊ ၁၆ ရက် နေပြည်တော် ထိပ်သီးဆွေးနွေးပွဲတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးမှု စတင်ရန်သဘောတူခဲ့သည်။ 

NCA အရဆောင်ရွက်ရမည့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်း (DDR/SSR) ကိစ္စ သည် လက်မှတ် ထိုးတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို လက်နက်ချခိုင်းခြင်း မဟုတ်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားထားသည်။ 

နိုင်ငံတကာ၏ ငြိမ်းချမ်းရေးဆွေးနွေးဆောင်ရွက်ချက်ဖြစ်စဉ် အတိုင်း လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်စရာ ကိစ္စရပ်များကို ကြိုတင်ပြင်ဆင်ထားရန်လိုသည်ဟုလည်း ၎င်းကဆိုသည်။ 

NCA စာချုပ်တွင် ပါဝင် သည့် အဓိပ္ပာယ် ဖွင့်ဆိုချက် နောက်ဆက်တွဲတွင် နိုင်ငံရေး လမ်းပြမြေပုံချမှတ်ခြင်း အပိုဒ်ခွဲ(ဂ) ၌ ပါရှိသော လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းဆိုသည့် စကားရပ်နှင့်ပတ်သက်၍ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းဆိုသည်မှာ SSR-DDR လုပ်ငန်းစဉ်များကို ဆိုလိုကြောင်း ဖော်ပြ ထားသည်။ 

SSR ဆိုသည်မှာ တိုင်းပြည်တစ်ခုတွင် နိုင်ငံရေးစနစ် အ ပြောင်းအလဲ ဆောင်ရွက်ရာ၌ လုံခြုံရေး နှင့် ပတ်သက်သည့် ကဏ္ဍများ ပြုပြင်ပြောင်းလဲရေး အဆင့်လိုက် ဆောင်ရွက်ခြင်းဖြစ်ပြီး DDR တွင် လက်နက်ဖြုတ်သိမ်းရေး၊ အင်အားထိန်းချုပ်ရေးနှင့် ပြန်လည်ပေါင်း စည်းရေးဆိုင်ရာများ ပါဝင်သည်။ 

အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး ယခင်ကလည်း အလွတ်သဘော ဆွေးနွေးမှုများ ရှိခဲ့သော်လည်းပြေလည်ခြင်း မရှိသေး၍ လုံခြုံရေးကဏ္ဍနှင့်ပတ်သက်ပြီး ပြည်ထောင်စုသဘောတူ စာချုပ်တွင် ထည့်သွင်းနိုင်ခြင်း မရှိသေးပေ။

7Day

0 comments:

Post a Comment