Tuesday, October 30, 2018

ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တု လေလံပွဲမှ ကန်ဒေါ်လာ တစ်သိန်းကိုးသောင်းကျော် လွှဲအပ်


ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တုအပါအဝင် လေလံပစ္စည်းများ ရောင်းချသည့် ရန်ပုံ ငွေပွဲတော်တွင်ရရှိသော အလှူ ငွေကန်ဒေါ်လာ တစ်သိန်းကိုး သောင်းကျော်ကို ဆီဒိုးနားဟိုတယ်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းသို့ ယမန်နေ့၌ လွှဲပြောင်း ပေးအပ်ခဲ့သည်။ 
ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်တွင် အောက်တိုဘာ ၅ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ဆီဒိုးနားဟိုတယ်တို့ ပူးပေါင်း ကျင်းပခြင်းဖြစ်သည်။ 

အဆိုပါ လှူဒါန်းငွေများကို ဆီဒိုးနားဟိုတယ် (ရန်ကုန်) အ ထွေထွေမန်နေဂျာ Mr. Mok Meng က ဒေါ်ခင်ကြည်ဖောင်ဒေး ရှင်း အလုပ်အမှုဆောင်ကော်မတီ ဝင် ဒေါက်တာသန့်သော်ကောင်း ထံ ယမန်နေ့က လွှဲပြောင်းပေး အပ်ခဲ့သည်။ 

‘‘ဒီရန်ပုံငွေတွေကို လူတွေရဲ့ဘဝတိုးတက်ဖို့အတွက် အခရာကျတဲ့ ကျန်းမာရေးနဲ့ ပညာရေးတိုးတက်ဖို့ကို အထူးဦးတည်ချက်ထားပြီး အကူအညီလိုအပ်နေတဲ့သူတွေအတွက် ဖောင်ဒေးရှင်းရဲ့ အစီအစဉ်တွေမှာ ထည့်သွင်းအသုံးပြုသွားမှာပါ’’ဟု ဒေါက်တာသန့်သော်ကောင်းက ပြောသည်။ 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်နေသည်။ ယခုလဆန်းက ကျင်းပသည့် ရန်ပုံငွေပွဲတော်တွင် နော်ဝေးနိုင်ငံမှ ပန်းပုပညာရှင် ထုဆစ်ထားသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူရုပ်တုကို လေလံတင်ရာ ကန် ဒေါ်လာ ရှစ်သောင်းရရှိခဲ့သည်။ 

ထို့အပြင် ပန်းချီပညာရှင် ဦးလွန်းကြွယ် ရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆီဆေးပန်းချီကားသည် ကန် ဒေါ်လာ ၄၂,၀၀၀ ရရှိသည်။ ရန်ပုံငွေပွဲတော်တွင် လေလံတင် ပစ္စည်းအသီးသီးအတွက် ကန် ဒေါ်လာ တစ်သိန်းခွဲကျော်အပါ အဝင် စုစုပေါင်း လှူဒါန်းငွေ ကန် ဒေါ်လာ တစ်သိန်းကိုးသောင်း ကျော် ရရှိကြောင်း ဒေါက်တာ သန့်သော်ကောင်းက ပြောသည်။ 

ဆီဒိုးနားဟိုတယ်နှင့် ဒေါ်ခင် ကြည်ဖောင်ဒေးရှင်းတို့ ၂၀၁၆ က ပထမအကြိမ် ပူးပေါင်းပြုလုပ်သည့် ရန်ပုံငွေပွဲတော်တွင် အလှူ ငွေ ကန်ဒေါ်လာ တစ်သိန်းနှစ် သောင်းကျော် ရရှိခဲ့သည်။

7Day

0 comments:

Post a Comment