Tuesday, October 30, 2018

လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာအဆင့်မီ(CIQ) လေဆိပ် အဖြစ် အဆင့်မြှင့်တင်တိုးချဲ့မည်


လွိုင်ကော်လေဆိပ်ကို နိုင်ငံတကာအဆင့်မီ (CIQ) လေဆိပ် အဖြစ်အဆင့်မြှင့်တင်တိုးချဲ့သွားဖို့ ဆောင်ရွက်သွားမယ်လို့ ကယားပြည်နယ်အစိုးရအဖွဲ့ကနေသိရပါတယ်။ 
လွိုင်ကော်လေဆိပ်ကိစ္စနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့နဲ့ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးဆောင်တဲ့အဖွဲ့ဟာ ယမန်နေ့က တွေ့ဆုံခဲ့ပြီးဆွေးနွေးခဲ့ကြရာမှာ လွိုင်ကော်လေဆိပ်ကို အဆင့်မြှင့်တင်မယ့်အကြောင်းထည့်သွင်းဆွေးနွေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

လွိုင်ကော်လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကို လက်ရှိရှိနေတဲ့ ပေ ၇၀၀၀ ကနေ ပေ(၁၀၀၀၀)အထိ တိုးချဲ့ပြီး နိုင်ငံတကာလေဆိပ်အဖြစ် ဆောင်ရွက်ဖို့ Master Plan ထားရှိကြောင်း၊ Master Plan အရ အကောင်အထည် ဖော်မယ်ဆိုရင်မြေဧက (၇၁၂)ဧကကျော် လိုအပ်မှာဖြစ်တာကြောင့် လက်ရှိအနေအထားမှာ နေအိမ်တွေ၊ ဌာနဆိုင်ရာရုံးတွေ၊ ဘာသာရေးအဆောက်အဦးတွေနဲ့လွတ်ကင်းမှုမရှိကြောင်း ပြောကြားခဲ့တယ်လို့ ပြည်နယ်အစိုးရအဖွဲ့ထံကနေသိရပါတယ်။ 

ဒီအပေါ် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှို က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင် နဲ့ ညီအစ်မမြို့တော်အဖြစ် MoU ရေးထိုးထားပြီး မယ်ဟောင်ဆောင်နဲ့လွိုင်ကော်အကြား လေကြောင်းခရီးစဉ်တိုးချဲ့ပြေးဆွဲလိုတာကြောင့် လွိုင်ကော်လေဆိပ်ကို အခုထက်အဆင့်မြင့်တင်တိုးချဲ့လိုကြောင်း၊ Master Plan အရ ပေ(၁၀၀၀၀)အထိ တိုးချဲ့မယ်ဆိုရင် လူနေအိမ်တွေ၊ ဌာနဆိုင်ရာအဆောက်အဦတွေ၊ ဘာသာရေး အဆောက်အဦးတွေရှိနေတာကြောင့်ခက်ခဲပြီး ဒါတွေကို ဖယ်ရှားမယ်ဆိုရင်လျော်ကြေးစရိတ် မြေအစားထိုးပေးနိုင်ဖို့မြေကွက်ဖော်ထုတ်စရိတ်စတဲ့ စရိတ်တွေများပြားစွာကုန်ကျကာ လေယာဉ်ကွင်းအသစ်တစ်ကွင်းဖောက်လုပ်တဲ့စရိတ်လောက်ရှိသွားမယ်လို့ ပြောကြားခဲ့ကြောင်းပြည်နယ်အစိုးရအဖွဲ့ကဆိုပါတယ်။ 

ဒါကြောင့် လွိုင်ကော်လေဆိပ်ကို လက်ရှိပြေးလမ်းပေ(၇၀၀၀)အတိုင်းထားရှိပြီး ပေါင်ချိန်(၁၅၀၀၀၀)ရှိတဲ့ လေယာဉ်တွေ ဆင်းသက်နိုင်တဲ့ နိုင်ငံတကာအဆင့်မီ(CIQ) လေဆိပ် ပုံစံမျိုးဖြစ်အောင်ဆောင်ရွက်သင့်ကြောင်း လေယာဉ်ပြေးလမ်း ပြင်ဆင်တာ အဆင့် မြှင့်တင်တာတွေကို PPP စနစ်နဲ့ အမြန်ဆုံး ဖော်ဆောင်နိုင်ရေး ဆောင်ရွက် ပေးစေလိုကြောင်း၊ လေယာဉ်ပြေးလမ်းအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ပြီးရင် နိုင်ငံတကာအဆင့်မီ(CIQ) ကွင်းအဖြစ် ဖော်ဆောင်နိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၀န်ကြီးချုပ်က ထပ်လောင်းဆိုပါတယ်။ 

ဝန်ကြီးချုပ်ပြောဆိုချက်အပေါ် လေကြောင်းပို့ဆောင်ရေးဘက်က ပြည်ထောင်စုဝန်ကြီးထံတင်ပြသွားမှာဖြစ်ပြီး လွိုင်ကော်လေဆိပ်ကို CIQ လေဆိပ်အဖြစ် ဖော်ဆောင်နိုင်ရေး ပြည်ထောင်စုအဆင့်မှာ အစည်းအဝေးပြုလုပ်နေကြောင်း၊ လွိုင်ကော်လေဆိပ်ဟာ ဒုတိယဦးစားပေး အဆင့်မှာရှိနေပြီး CIQ ကွင်းအဖြစ် ဒီဇိုင်းပြန်လည်ရေးဆွဲတာ၊ အဆောက်အဦးတွေပြောင်းရွှေ့ဆောက်လုပ်ဖို့အတွက် မြေအသုံးပြုမှု နဲ့ပတ်သက်ပြီးလိုအပ်တာတွေဆောင်ရွက်တာတွေပြုလုပ်သွားမယ်လို့ ပြန်လည်ပြောကြားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့ကဆိုပါတယ်။ 

လက်ရှိလွိုင်ကော်မြို့ရဲ့လေဆိပ်ဟာ ပြေးလမ်းအရှည်ပေ ၇၀၀၀ ရှိနေပြီး ယခင်ကတော့ ပြေးလမ်း အရှည် ပေ ၅၂၀၀ သာရှိခဲ့တယ်လို့သိရပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ လေယာဉ်ကွင်းပေါင်း ၆၉ ကွင်းရှိနေပြီး တစ်ကယ်တန်းအသုံးပြုနေတာကတော့ ၃၄ ကွင်းသာရှိနေပါတယ်။

Popular News Journal 

0 comments:

Post a Comment