Tuesday, October 30, 2018

မွန်တွင် ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံ ချုပ်လုပ်သည့်စက်ရုံ တည်ဆောက်မည်

မွန်ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသားရိုးရာဝတ်စုံများ ချုပ်လုပ်သည့် စက်ရုံတစ်ခု တည်ဆောက်ရန် စီစဉ်လျက်ရှိသည်ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။ 
မွန်ပြည်နယ်အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများ ၎င်းတို့၏ ရိုးရာဝတ်စုံကို ရှမ်းပြည်နယ်ဘက်မှ ဈေးကြီးပေးဝယ်ယူနေ ရသည့်အတွက်ကြောင့် ဈေးသက်သက်သာသာဖြင့် အားလုံးဝယ်ယူနိုင်စေရန် ရည်ရွယ်ကြောင်း ဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောသည်။ 

“ကိုယ့်ဒေသမှာပဲ ကိုယ့်ဟာကိုယ် ချုပ်လုပ်မယ်ဆိုရင် တစ်ဝက်သက်သာတဲ့ ဈေးနှုန်းနဲ့ ကျွန်မတို့ လူမျိုးတွေအားလုံး ပအိုဝ်းတိုင်းရင်းသားဝတ်စုံ ဝတ်ဆင်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ဝန်ကြီးဒေါ်စံဝင့်ခိုင်က ဆိုသည်။ 

စက်ရုံကို ပအိုဝ်းတိုင်းရင်းသား လုပ်ငန်းရှင်များ အသင်း၏ ဦးဆောင်မှုဖြင့်လာမည့် ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး စက်ချုပ်လုပ်သား ၆၀ ခန့် လျာထားပြီး လက်ရှိတွင် ပအိုဝ်းတိုင်းရင်းသားများကို အခြေခံစက်ချုပ်သင်တန်းပေးထားပြီး ဖြစ်ကြောင်းလည်း ၎င်းကဆက်ပြောသည်။ 

ပအိုဝ်းတိုင်းရင်းသားရိုးရာ ဝတ်စုံများသည် ဝတ်စုံအရွယ်အစားအပေါ် မူတည်ပြီး ဝတ်စုံတစ်စုံလျှင် အနိမ့်ဆုံးဈေး ကျပ် ၃၀၀၀၀ မှ အမြင့်ဆုံးဈေးကျပ် တစ်သိန်းကျော်ထိရှိကြောင်း ပအိုဝ်းတိုင်း ရင်းသားတို့ထံမှ သိရသည်။ 

“ရိုးရာဝတ်စုံကို ပွဲတော်တွေ ရိုးရာဓလေ့ပွဲတော်တွေမှာ ဝတ်ဆင်ကြတယ်၊ တချို့ဆိုရင်လည်း အိမ်မှာနေတာလည်း ဝတ်ကြတာရှိတယ်၊ အသင့်ချုပ်ပြီးသား တွေက ဈေးကြီးတယ်၊ တချို့ဆိုရင် မဝယ်ဝတ်နိုင်တာတွေလည်းရှိတယ်”ဟု သထုံမြို့မှ အသက် ၄၀ ဝန်းကျင် ပအိုဝ်းတိုင်း ရင်းသူတစ်ဦးက ပြောသည်။ 

မွန်ပြည်နယ်တွင် ပအိုဝ်းတိုင်းရင်းသား ၆ သောင်းခန့်ရှိပြီး ကျိုက်ထို၊ ဘီးလင်း၊ သထုံနှင့် ပေါင်မြို့နယ်တို့တွင် အများစုနေထိုင်ကြသည်။ 

Dawei Watch
The Voice

0 comments:

Post a Comment