Tuesday, October 30, 2018

ဒေါ်လာ ခုနစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း၏ ပိုင်ဆိုင်မှုအချိုးတွင် မြန်မာနိုင်ငံဘက်မှ ရာခိုင်နှုန်း ၃၀ အထိ တိုးမြှင့်ရရှိရန် သဘောတူညီမှုရရှိ


အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံကျော် ရင်းနှီးမြှုပ်နှံမည့် ကျောက်ဖြူရေနက်စီမံကိန်း၏ ပိုင်ဆိုင်မှုအချိုးတွင် မြန်မာနိုင်ငံဘက်မှ ရာခိုင်နှုန်း ၃၀ အထိ တိုးမြှင့်ရရှိရန်အတွက် ညှိနှိုင်းရာတွင် သဘောတူညီမှု ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးက ပြောကြားသည်။ 
အောက်တိုဘာ ၃၀ ရက်က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ၏ အီလက်ထရွန်နစ်စနစ် အသုံးပြုကုန်သွယ်ရေး ဆောင်ရွက်နိုင်ရန် အဆင်သင့်ဖြစ်မှုအပေါ် ဆန်းစစ်ချက် အစီရင်ခံစာ စာအုပ်မိတ်ဆက်ပွဲတွင် သတင်း မီဒီယာများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“မူလက သဘောတူထားတာကတော့ တရုတ်နိုင်ငံ CITIC ဘက်က ၈၅ ရာခိုင်နှုန်း ပါဝင်မယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်က ၁၅ ရာခိုင်နှုန်း ပါဝင်မယ်ဆိုပြီးတော့မှ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတဲ့ အခါကျတော့ လက်ရှိအစိုးရ လက်ထက်မှာ ပြန်လည်ညှိနှိုင်းမှုတွေ လုပ်ခဲ့ပါတယ်။ လုပ်တဲ့အခါမှာ အချက်နှစ်ချက်ပေါ့။ တစ်ချက်တော့ ဘာလဲဆိုလို့ရှိရင် မြန်မာနိုင်ငံဘက်ကနေပြီးတော့မှ ပိုင်ဆိုင်ပါဝင် လုပ်ကိုင်မှုအချိုးကို ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ တိုးဖို့ဆိုပြီးတော့ ကျွန်တော်တို့ စေ့စပ်ညှိနှိုင်းခဲ့ပါတယ်။ နောက်တစ်ချက်ကတော့ ဘာလဲဆိုလို့ရှိရင် ကျောက်ဖြူ ရေနက်စီမံကိန်းရဲ့ လုပ်ငန်းစီမံကိန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံလောက် ရှိပါတယ်။ ဒါကအရမ်းကိုကြီးမားတဲ့ဟာမျိုး ဖြစ်ပါတယ်။ ဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့အနေနဲ့ ဒါကို အဆင့်လိုက် လေးဆင့်ခွဲပြီးတော့ အကောင်အထည်ဖော်မယ်။ ပထမ အဆင့်မှာဆိုလို့ရှိရင် ရေနက်ဆိပ်ကမ်းကို ကျွန်တော်တို့က ၁ ဒသမ ၃ ဘီလျံလောက်နဲ့ စပြီးတော့မှ အကောင်အထည်ဖော်မယ်ဆိုပြီး ကျွန်တော်တို့စီတစ်နဲ့ သဘောတူညီချက် ရပါတယ်။ အဲဒီလိုရတဲ့အတွက်ကြောင့်မို့လို့ အခုဒီ နိုဝင်ဘာ ၈ ရက်မှာ ဆိုလို့ရှိရင် စီတစ်ကုမ္ပဏီနဲ့ ကျောက်ဖြူစီမံခန့်ခွဲရေးကော်မတီရဲ့ အကြားမှာဆိုလို့ရှိရင် မူဘောင်သဘော တူညီချက် Framework Agreement ကို လက်မှတ်ရေးထိုးသွားဖို့ ရှိပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။ 

ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ကျောက်ဖြူရေနက်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် တရုတ်နိုင်ငံမှ CITIC အဖွဲ့အစည်းက လုပ်ငန်းတင်ဒါရရှိခဲ့ခြင်းဖြစ်ပြီး လက်တွေ့အကောင်အထည်ဖော်ရန်အတွက် ပြန်လည်ညှိနှိုင်းမှုများပြုလုပ်ကာ မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် ဆောင်ရွက်နေကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ 

ဒုတိယ၀န်ကြီးက “အဲဒီလို လုပ်ရမယ့်အတွက် မြန်မာနိုင်ငံဘက်က ထည့်ဝင်ငွေတွေလည်း ကြီးမားပါတယ်။ ကြီးမားတဲ့အခါကျတော့ ဒါကြောင့်မို့လို့ ကျွန်တော်တို့က လုပ်ငန်းကိုခွဲပြီးတော့ လုပ်ဖို့ပေါ့။ အောင်မြင်တဲ့အခါကျမှ ဆက်ပြီးတော့လုပ်မယ်။ အဲဒီတော့ အဆင့်လေးဆင့်နဲ့ လုပ်မယ်ပေါ့။ အဲဒီတော့ ပထမဆုံး ရေနက်စီမံကိန်းကို စအကောင်အထည်ဖော်မယ်ဆိုရင် ဒေါ်လာ ၁ ဒသမ ၃ ဘီလျံနဲ့ စပြီးတော့လုပ်ပါမယ်။ လုပ်တဲ့အခါမှာ မြန်မာနိုင်ငံက ထည့်ဝင်တဲ့ အချိုးအစားကလည်း အဲဒီအချိုးကျနည်းသွားမှာ ဖြစ်ပါတယ်။ အဲဒီကနေမှ ဒီလုပ်ငန်းက အောင်မြင်တာနဲ့ ရေနက်စီမံကိန်းကို ခုနက ပြောတဲ့ ခုနစ်ဘီလျံအထိ တိုးအောင်ဆက်ပြီး တိုးချဲ့သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 

ဆက်လက်၍ “အခုကတော့ ကျွန်တော်တို့ Equality Ratio လို့ ခေါ်ပါတယ်။ ပိုင်ဆိုင်မှုအချိုးအစားကို ကျွန်တော်တို့က တိုးတာပါ။ ၁၅ ရာခိုင်နှုန်းကနေ ရာခိုင်နှုန်း ၃၀ တိုးတာပါ။ အဲဒီတော့ ပထမ မူလ ၁၅ ရာခိုင်နှုန်းတုန်းကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဘက်ကနေမှ ပိုက်ဆံထည့်ဝင်ဖို့ မရှိပါဘူး။ ငွေကြေးထည့်ဝင်ဖို့မရှိဘူး။ ဒါ ၁၅ ရာခိုင်နှုန်းက တရုတ်နိုင်ငံဘက်ကနေ အလွတ်ပေးတယ်ဆိုတဲ့ သဘောမျိုးပါ။ ဒါပေမဲ့ အခု ရာခိုင်နှုန်း ၃၀ ဆိုရင်တော့ ကျွန်တော်တို့ဘက်ကတော့ အချိုးကျထည့်ဝင်ရမှာ ရှိပါတယ်။ အဲဒါတော့ Project ရဲ့ တန်ဖိုးအပေါ်မူတည်ပြီးတော့ ကျွန်တော်တို့ရဲ့ ရာခိုင်နှုန်း ၃၀ ကိုလည်း အချိုးကျ ထည့်ဝင်သွားရမှာ ဖြစ်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။ 

ယင်းသို့ ကျောက်ဖြူရေနက်စီမံကိန်စီမံကိန်း၏ ပိုင်ဆိုင်အချိုးအစား တိုးမြှင့်လိုက်ခြင်းကြောင့် အချိုးကျထည့်ဝင်ရမည့် ရင်းနှီးမြှုပ်နှံမှု ပမာဏတွင် အစိုးရမှ ၁၅ ရာ ခိုင်နှုန်းရယူမည်ဖြစ်ပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများအား ၁၅ ရာခိုင်နှုန်း ရင်းနှီးမြှုပ်ခွင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။ 

ဒုတိယ၀န်ကြီးက “အဲဒီမှာလည်း နှစ်ပိုင်းရှိပါတယ်။ ကျွန်တော်တို့အစိုးရရဲ့အပိုင်းက ရာခိုင်နှုန်း ၃၀ ပေါ့။ ရာခိုင်နှုန်း ၃၀ မှာ ဆိုရင်တော့ အစိုးရက ၁၅ ရာခိုင်နှုန်းယူထားမယ်။ ပြီးတဲ့အခါကျတော့ GDE ဆိုပြီးတဲ့ အခါကျတော့ ပုဂ္ဂလိကကဏ္ဍပေါ့၊ အစိုးရကနေ အသိအမှတ်ပြုတဲ့ ပုဂ္ဂလိက ကုမ္ပဏီတွေ ရှိပါတယ်။ အဲဒီကုမ္ပဏီတွေရဲ့ အုပ်စုပေါ့။ အဲဒါကတော့ ခုနကပြောတဲ့ ကျောက်ဖြူ Development ကုမ္ပဏီလိုဟာမျိုးပေါ့။ အဲဒါကနေပြီးတော့မှ သူတို့အခုဆိုလို့ရှိရင် ပုဂ္ဂလိက ဘက်ကနေပြီးတော့မှ ရင်းနှီးထည့် ၀င်မယ့်လူ ကုမ္ပဏီပေါင်းက ၅၀ လောက် ရှိပါတယ်။ သူတို့တွေကနေပြီးတော့မှ သူတို့ရဲ့ ၁၅ ရာခိုင်နှုန်းကို အချိုးကျ သူတို့ထည့်ဝင်မှာ ဖြစ်ပါတယ်။ ပထမပိုင်းမှာ ထည့်ဝင်ဖို့ ခက်ခဲမယ်ဆိုရင်လည်း ဒါအစိုးရအနေနဲ့ ထည့်ဝင်ပေးထားပြီးတော့ နောက်ပိုင်းမှာ သူတို့အနေနဲ့ ရပ်တည်လာနိုင်တဲ့အခါကျရင် သူတို့အနေနဲ့ထည့်ဝင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ 


 နေရိုင်း၊ အောင်မင်းသိန်း
Eleven Media Group 

0 comments:

Post a Comment