လာမည့် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်များအနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွားရုံးများ၌ နိုဝင်ဘာလ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် ကြိုတင်မဲပေးနိုင်ကြောင်း မြစ်ကြီးနားခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးကပြောသည်။
နံနက် ၈ နာရီမှ ညနေ ၆ နာရီအတွင်း လာရောက် ကြိုတင် မဲပေးနိုင်မည်ဖြစ်ကြောင်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုး အောင်ကပြောသည်။
" ခရီးသွားမယ့်သူတွေရော နာမကျန်းဖြစ်တဲ့သူတွေရော ရပ်ကွက်တွေရှိတဲ့ ကော်မရှင်ရုံးမှာ သွားပြီး တော့ပေးရမယ်။ အဲ့ဒီနှစ်ရက်မှာပဲ ပေးခွင့်ရှိတယ်။"ဟု ဦးကျော်စိုးအောင်ကပြောသည်။
ကြိုတင်မဲပေးခွင့်ရမည့်သူများမှာ ရပ်/ ကျေးတွင် အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေ သူ၊ ရောဂါဝေဒနာပြင်းထန်စွာခံစားနေရသူ ၊ မီးဖွားမည့်သူများ၊ အချုပ်ခံနေရသူများ၊ ဆေးရုံတက်နေသည့် လူ နာများ၊ ယာယီတာဝန်အရ ခရီးသွားမည့် နိုင်ငံ့ဝန်ထမ်းများ၊ ရွေးကောက်ပွဲလုံခြုံရေးတာဝန်နှင့်ပတ်သက်သူ များ၊ ရွေးကောက်ပွဲတွင် မဲရုံတာဝန်ကျမည့်သူများ အားလုံး ကြိုတင် မဲပေးနိုင်မည်ဟုလည်း ၎င်းကရှင်းပြ ပြော ဆိုသည်။
" ပြည်သူတစ်ယောက်ခရီးသွားမယ်ဆိုရင် ဘာကြောင့်သွားမှာလဲ ထောက်ခံချက်ပေါ့ …။ တကယ်သွား မယ်ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်နဲ့ မဲပေးလို့ရတယ်။ ကျန်းမာရေးအရ ဆေးကုသမှုသွားမှာ လားပေါ့။ မအားလပ်ရင်တော့ ပုံမှန်မရဘူး။ မအားဘူးဆိုရင် ဆေးရုံတက်မှာလား .. အနာကြီးရောဂါ စွဲကပ်နေ လားပေါ့။ အဲ့လိုတွေဖြစ်နေရင် သွားစရာတောင်မလိုဘူး၊ အဘွားကြီးတစ်ယောက်က နေမကောင်းဘူး၊ လေ ဖြတ်နေတယ် … မသွား၊ မလာနိုင်ဘူး … မဲရုံမှာ လူကျပ်လို့ မလာနိုင်ဘူး … မဲပေးချင်တယ်ဆိုရင် ရပ်/ကျေးကို လှမ်းအကြောင်းကြားလိုက်ရင် သူ့အိမ်မှာပဲ မဲပေးလို့ရတယ်။ ဒါကတော့ ရပ်/ကျေးကို ဆက်သွယ်ရမယ်။" ဟု ဦးကျော်စိုးအောင်ကပြောသည်။
ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲနေ့တွင် သတင်းယူရန် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ခွင့်ပြုထားသည့် သတင်းမီဒီယာများလည်း ကြိုတင်မဲပေးနိုင်မည်ဖြစ်သည်။
၂၀၁၈ ခုနှစ် မြစ်ကြီးနားမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အတွက် မဲပေးနိုင်သည့် မဲဆန္ဒရှင် နှစ်သိန်းကျော်ရှိပြီး မြစ်ကြီးနားတစ်မြို့နယ်လုံး မဲရုံပေါင်း ၁၁၄ ရုံ ရှိမည်ဖြစ်သည်။
Myitkyina News Journal
0 comments:
Post a Comment