Tuesday, October 30, 2018

ချောင်းသာကမ်းခြေတွင် ခရီးသွားပွဲတော်ကျင်းပမည်


ပြည်တွင်းခရီးသွားများ အများဆုံးသွားလာကြည့် ချောင်းသာကမ်းခြေတွင် နိုဝင်ဘာလအတွင်း၌ ခရီးသွားဖွံ့ဖြိုးရေးရည်ရွယ်ပြီး ပွဲတော်ကျင်းပသွားမည်ဖြစ်သည်။ 
အဆိုပါပွဲတော်ကို မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းချောင်းသာဟိုတယ်ဇုန်မှဦးဆောင်ကျင်းပခြင်းဖြစ်ကာ နိုဝင်ဘာလ (၁၉)ရက်နေ့မှ(၂၁)ရက်နေ့အထိ (၃)ရက်ကြာကျင်းပသွားမည်ဟုသိရသည်။ 

"အဓိကကတော့ ခရီးသွားရာသီအစမှာ ချောင်းသာကမ်းခြေကို ပိုမိုစိတ်ဝင်စားစေဖို့နဲ့မေးစက်နေသလိုဖြစ်နေတဲ့စီးပွားရေးအခြေအနေတွေကိုလည်း အရှိန်ရလာအောင်ဒေသခံတွေအလုပ်အကိုင်အခွင့်အလမ်းရရှိမှုတွေတိုးလာအောင် စီစဉ်တာပါ"ချောင်းသာကမ်းခြေ ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကဆိုသည်။ 

ယခုနှစ်အတွက် ချောင်းသာကမ်းခြေရှိ ဟိုတယ်အခန်းဈေးနှုန်းများကိုလည်း ယခင်နှစ်များအတိုင်းသာ သတ်မှတ်ပေးထားပြီးပွဲတော်ရက်အတွင်း၌ အခန်းခနှုန်းများကိုလည်း ဈေးနှုန်းလျှော့ချပေးရန်ညှိနှိုင်းဆောင်ရွက်နေသည်ဟုသိရသည်။ 

ချောင်းသာကမ်းခြေတွင်ကျင်းပမည့်ပွဲတော်ရက်အတွင်း ဒေသထွက်စားသောက်ကုန်များဂီတပွဲများနှင့် ရိုးရာလက်ဝှေ့ပွဲများကိုလည်း ပါဝင်ကျင်းပသွားမည်ဖြစ်သည်။ 

အောင်ပြည့်စုံ
Popular News Journal 

0 comments:

Post a Comment